ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုအများအပြားသေဆုံး ၊ လက်နက်တွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသတွေမှာ မေလ ၂ရက်နေ့ကနေ မေလ ၃ရက်နေ့ ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်အုပ်စုက အများအပြားသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFကလေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၂ရက်နေ့ မနက်ပိုင်းက စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် PDF KAlay ၊ CDF (KKG)၊ RKDF၊ ပကဖနဲ့ Zomi PDFတို့ ပူးပေါင်းပြီး ကြားဖျက်တိုက်ခိုက်ခဲ့ကြတာပါ။ နှစ်ရက်တာ တိုက်ပွဲမှာ စစ်အုပ်စုက ၂၀ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က မေလ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီလောက်ကလည်း အကြမ်းဖက်စစ်အုပ်စုဟာ အောင်မင်္ဂလာကျေးရွာဘက်ကနေ ရှားဖိုကျေးရွာဘက်ကို ချဉ်းကပ်လာစဉ်မှာ PDFကလေးက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံသေဆုံးသူတွေ ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ကြံသာရွာနဲ့ အောင်မင်္ဂလာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ၂ရက်လုံး ပစ်ခတ်ခဲ့ပြီး မနေ့က မေလ ၃ရက်နေ့ ညနေ ၃နာရီမှာလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂စီးနဲ့ ရှားဖိုကျေးရွာကို ၂ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့တက်နယ်မြေရှင်းလင်းစဉ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အလောင်း ၄လောင်းနဲ့အတူ MA1 မောင်းပြန်သေနတ် ၂လက်၊ MA2 စက်ကလေး ၂လက်၊ MA ကျည်အိမ် ၁၀ခု၊ ၅ဒသမ၅၆ကျည် ၁၅၀တောင့်၊ နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံးနဲ့ ဖုန်း၂လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက လွှတ်တင်လိုက်တဲ့ ဗုံး၃လုံးပါဝင်တဲ့ တိုက်ခိုက်ရေးဒရုန်းယာဉ်တစ်စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
၂ရက်တာတိုက်ပွဲတွေအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က CDF (KKG) တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီး အပိုင်းအစထိမှန်ခဲ့ပြီး ဒဏ်ရာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDFကလေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။