မင်းတပ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် CDF- Mindat စခန်းအချို့ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာတွေကြောင့် CDF- Mindat တပ်ဖွဲ့ဝင်အချို့ရဲ့ စခန်းတွေပျက်စီးသွားခဲ့တယ်လို့ Yoma Battalion- CDF- Mindat က သတင်းဖော်ပြထားပါတယ်။
ဧပြီလ တစ်လအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် CDF- Mindat ရဲ့ တပ်စခန်းအချို့ ပြိုလဲကာ ပြန်လည်တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေရတာပါ။
“ဧပြီလ (၁၉) ရက်နေ့က ပထမတစ်ကြိမ်ရွာပြီး အကုန်ပျက်လို့ပြန်ပြင်ကြတယ်။ပြီးတော့ ၁၀ ရက်ခြားပြီး ဧပြီလ (၂၉) ရက်နေ့ မှာထပ်ရွာပြီး အကုန်ပြန်ပျက်သွားတယ်။ မိုးကနှစ်ခါလောက်ဘဲရွာသေးတာ ချက်ဖို့နေရာ ထမင်းစားဖို့နေရာအိပ်ဖို့နေရာမိုးလုံလေလုံ ဘာမှမရှိတော့ဘူး။ ဒါတောင်မိုးရာသီ မရောက်သေးဘူး၊ ဒီပုံစံနဲ့ဆို မိုးရာသီရောက်ရင်မလွယ်ဘူးလေ၊ အသက်နဲ့ရင်းပြီး ရှေ့တန်းသွားနေကြတဲ့ရဲ‌ဘော်တွေပြန်လာရင် နားစရာနေ‌ရာ ကောင်းကောင်းမရှိဘူး။ ပျက်စီးသွားတဲ့ မိုးကာတွေလည်း ပြန်သုံးလို့မရတော့ဘူး အနည်းဆုံးတော့ သွပ်မိုးသွပ်ကာလေးနဲ့ ပြန်ဆောက်လုပ်ဖို့ ရည်ရွယ်ထားကြပါတယ်။ တိုင်တွေအတွက်ကတော့ ရဲဘော်လေးတွေ အားတဲ့ချိန် ပျဉ်ဆွဲနေကြပါတယ်၊ တတ်နိုင်တဲ့ဘက်က ပါ၀င်လှူဒါန်းပေးကြဖို့လဲ မေတ္တာရပ်ခံပါတယ်။” လို့ ဒေသတွင်း တာဝန်ရှိသူတစ်ဦးက Yoma Battalion- CDF- Mindat မှာ ဖြေကြားထားပါတယ်။
ချင်းပြည်နယ်အတွင်းကို အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားတွေနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။