ဒီးမော့ဆိုမှာ လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ကျောင်းနဲ့ လူနေအိမ်တွေပျက်စီး

ဓာတ်ပုံ- DMO-Local PDF
ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ DMO-Local PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၃ နာရီလောက်မှာ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်က တာဝေးပစ် လက်နက်ကြီးကျည် ၁၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နောင်ပုလဲကျေးရွာအုပ်စု လေးမိုင်ယပ်ခူကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို လက်နက်ကြီးကျည်ကျရောက်ပြီး ပျက်စီးခဲ့ရတာပါ။
ဧပြီလ ၁၈ ရက်နေ့ကလည်း ဒီမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်အုပ်စုက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ် ၃ လုံးခန့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဒီမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေပြီး ဘာသာရေးအဆောက်အဦး ၁၆ လုံးခန့် ပျက်စီးခဲ့ရတယ်လို့ DMO-Local PDF ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။