ချင်း၊ မကွေးနဲ့ စစ်ကိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိသာစွာမြင့်တက်

PHOTO-YSO News Information
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအနောက်မြောက်ဒေသ တစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့ UNHCR က ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ လူ ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ လူ ၁,၅၀၀ လောက် အိုးအိမ်စွန့်ခွာရသူတွေ ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄,၆၀၀ ရှိပြီး၊ အဲဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူတွေဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ၅ ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ‘ကျွန်တော်တို့ ရေစကြို၊ရေလယ်ကျွန်းမှာ ဧပြီ၂ရက်နေ့ကစပြီး စစ်ခွေးတွေ ဝင်မွှေတာ ထွက်ပြေးရတဲ့သူ နှစ်သောင်းကျော် ရှိတယ်လို့သိရတယ်။ မီးရှို့ခံရတယ်။အလုခံရတယ်။ တိုက်ပွဲကြောင့်ပြေးရတာမဟုတ်ပါဘူး။ စစ်ခွေးတွေ ထိုးစစ်ဆင်လို့ဖြစ်တာ’ လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိကာလအထိ မြန်မာနိုင်ငံအနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာအဆောက်အဦတွေအပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင်အခြားအိုးအိမ်ပစ္စည်း အနည်းဆုံး ၇,၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတဲ့သတင်းတွေ ကြားသိရတယ်လို့ UNHCR ကဆိုပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ-ရေစကြို၊ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်တပ်က မီးရှို့လို့ ပြာကျသွားတဲ့ လူနေအိမ်တချို့