မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာမြို့ ၊ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဒီနေ့ ဧပြီလ ၃ရက် ညနေ ၅နာရီက ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်း ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ Chindwin Post သတင်းဌာနက ဖော်ပြပါတယ်။
” ဒီချိန်ဆိုထောင်ထဲက လူစစ်ချိန်ပါ၊ ညီရဲ့လားဟေ့လို့အော်သံကြားပြီး သေနတ်သံတွေကြားတာ၊စစ်ကားတွေ ခဏကြာတော့လာတယ်၊ ထောင်နဲ့နီးတဲ့ ညစျေးတန်းဘက်ကစျေးသည်တွေ အကုန်သိမ်းပြန်ကြပြီး သံပြားကာကားတွေ မြစန္ဒာရုပ်ရှင်ရုံနား ရပ်ထားတယ် “လို့ ထောင်အနီးရှိ စျေးဆိုင်ပိုင်တစ်ဦးက ပြောပါတယ်။
မြို့တွင်း ဖောက်ခွဲတာတွေ လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေ အိမ်အမြန်ပြန်ကြဖို့ ပြောက်ကျားအဖွဲ့တွေကလည်း ကြေညာထားပါတယ်။
ညနေ ၆နာရီကျော်မှာတော့ မုံရွာမြို့မှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပါအဝင် ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာ ဖြစ်ပါတယ်။