ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန် ထောင်ဒဏ်၂ နှစ် ချမှတ်ခံရ

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအမ်ကောန်ကို ၅၀၅ ( က) နဲ့ ထောင်ဒဏ်၂ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ Kachin Human Right Watch အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မတ် ၂၃ ရက်မှာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးက KNC ဥက္ကဌ ဒေါက်တာ အမ်ကောန်ကို ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ KHRW က ထုတ်ပြန်ပါတယ်။
ဒေါက်တာအမ်ကောန်ကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၅ ရက်က နေပြည်တော်မှာ စစ်အုပ်စုတွေ ဖမ်းဆီးသွားခဲ့တာပါ။ အဲ့ဒီလို ဖမ်းဆီးပြီး ခုနှစ်လအကြာမှာ KNC ဥက္ကဌကို ထောင်နှစ်နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ဉက္ကဌ ဒေါက်တာအမ်ကောန်လကို ယနေ့ ၂၃.၃.၂၀၂၂ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး ၌ ၅၀၅ က ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှုတို့၏ ကျရှုံးခြင်း ပြယုဂ်အဖြစ် တွေ့မြင်ရပါသည်။” လို့ KHRW က ဆိုပါတယ်။