KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း တာဝန်မှ နုတ်ထွက်အနားယူ

KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းမှာ ခရိုင်အရေးအပေါ် အစည်းအဝေးမှာ သူအနေနဲ့ တာဝန်ကနေ နုတ်ထွက်အနားယူခွင့်တောင်းခဲ့တယ်လို့ ခရိုင်တာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ဇန်နဝါရီလ ၂၇ရ့်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ ဒူးပလာယာခရိုင်ရဲ့ အရေးပေါ်အစည်းအဝေးမှာ တရားဝင် တင်ပြအသိပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပဒိုစောရွှေမောင်းအနေနဲ့ ခရိုင်ဥက္ကဌသက်တမ်း မကုန်ဆုံးသေးပေမဲ့ လာမယ့် ခရိုင်ကွန်ရက်ကျင်းပတဲ့အချိန်အထိ အနားယူခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အခုကနေ စနားလိုက်ပြီးပေါ့နော်။ အခု စနားလိုက်တာ သူ လုံး၀ မလုပ်တော့ဘူး။ ရှင်းရှင်း မလုပ်တော့ဘူး။ အဲ့လိုပေါ့နော်။ သက်တမ်းပြည့် တဲ့အထိ သူနားလိုက်မယ်။ ပြီးတော့ သူညီလာခံ ပြန်ခေါ်ပေးပြီးတော့ လွဲလိုက်ပေါ့ အဲ့လိုမျိုး။”လို့ ခရိုင်တာဝန်ရှိသူတစ်ဦးက KICသတင်းဌာနကို ဖြေကြားထားပါတယ်။
KNUမှာ ဗဟိုနဲ့ ခရိုင်အဆင့် ခေါင်းဆောင်တွေရဲ့ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းဟာ ၄နှစ်ဖြစ်ပြီး ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းအနေနဲ့ တာဝန်ထမ်းဆောင်ရန် ကျန်ရှိသေးတဲ့ သက်တမ်းပြီးဆုံးတဲ့အချိန်အထိ အနားယူသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ခရိုင်ဒုဥက္ကဌဖြစ်သူ တပ်မဟာ(၆) တပ်မဟာမှူးကို တာဝန်လွှဲအပ်ထားခဲ့တယ်လို့ သိရပါတယ်။