စစ်အုပ်စုဝင်ငွေကို ပိတ်ဆို့ဖို့ မြန်မာပြည်သူတွေ ဘယ်လောက် ထပ်အသတ်ခံပြရဦးမှာလဲ လို့ HRW မေးခွန်းထုတ်

အကြမ်းဖက်စစ်အုပ်စုကိုဝင်ငွေနဲ့ လက်နက်ပိတ်ဆို့ဖို့နောက်ထပ် မြန်မာပြည်သူတွေ ဘယ်လောက် အသတ်ခံ၊ ဖမ်းဆီးခံ၊ နှိပ်စက်ခံပြရဦးမှာလဲလို့ ကမ္ဘာပေါ်မှာ သြဇာရှိတဲ့အစိုးရတွေကို HRW အာရှရေးရာညွှန်ကြားရေးမှူး Brad Adams ကမေးခွန်းထုတ်လိုက်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ကြေညာချက်ထုတ်ပြန်ရာမှာ သူကအဲဒီလို မေးခွန်းထုတ်ထားခြင်းဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ ဝိုင်းဝန်းပိတ်ဆို့ အရေးယူဖို့ လည်း HRW ရဲ့ ကြေညာချက်မှာတိုက်တွန်းထားပါတယ်။
စစ်အုပ်စုကို အထောက်အပံဖြစ်စေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုတွေကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန် အပါအဝင် မြန်မာ့အရေး အားပေးကူညီလိုတဲ့နိုင်ငံတွေ စုပေါင်းပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု စတာတွေဟာ လူသားမဆန်တဲ့ရာဇဝတ်မှု (Crime Against Humanity) မြောက်တယ်လို့ HRW ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဉ်ခံစားနေရပေမယ့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးက အားပေးထောက်ခံနေတယ်ဆိုတာကို သိစေလိုပါတယ်လို့လည်း Brad Adams က ပြောဆိုထားပါတယ်။