ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်၂ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲကို အကြမ်းဖက်စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်း ရာမှာ အဖမ်းခံလိုက်ရတဲ့ သတင်းထောက်၂ဦးကို ဘယ်လိုကန့်သတ်ချက်တွေမှမထားဘဲ ချက်ချင်းပြန်လွှတ် ပေးဖို့အမေရိကန်၊ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။

Myanmar Pressphoto Agency (MPA) က ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ဗီဒီယိုသ တင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ဟာ ဒီဇင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ပန်းပင်ကြီးလမ်းဆန္ဒပြပွဲ သတင်းယူနေချိန်မှာ စစ်အုပ်စုက ကားနဲ့အပြင်းဝင်တိုက်ပြီး အကြမ်းဖက်စစ်သားတွေက ရိုက်နှက်ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

သူတို့အတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးဖို့ CPJ က တောင်းဆိုခဲ့သလို CPJ ရဲ့အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က အကြမ်းဖက်ဖြိုခွဲပြီး အပြင်းအထန် ဒဏ်ရာရရှိအောင်ပြု လုပ် ခဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ စစ်အစိုးရဟာ သတင်းသမားတွေကို ရန်သူတွေလိုဆက်ဆံနေတာ ရပ်ပစ်ရမယ်လို့လည်းပြောပါတယ်။

အကြမ်းဖက်စစ်သားတွေရဲ့ရိုက်နှက်မှုကြောင့် မမှူးရတနာခက်မို့မို့ထွန်းဟာ ဦးခေါင်းမှာ ဒဏ်ရာရရှိသွားပြီး စစ်ဆေးရုံအမှတ် (၂) မှာ ခွဲစိတ်ကုသ ခံခဲ့ရပါတယ်။

သူတို့နှစ်ဦးကို ဘယ်လိုပုဒ်မတွေနဲ့ စွဲဆိုထားသလဲဆိုတာ မသိရသေးပါဘူး။