သထုံစည်ပင်ရုံးဖောက်ခွဲခံရ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဒီနေ့မနက် ၉နာရီမိနစ်၄၀လောက်မှာ မွန်ပြည်နယ်၊သထုံမြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးရုံးကို ဖောက်ခွဲ ခဲ့တယ်လို့ မွန် သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကထုတ်ပြန်ပါတယ်။

ဘယ်လိုဗုံးမျိုးနဲ့ ဖောက်ခွဲခဲ့သလဲဆိုတာကို ထုတ်ပြန်ထားခြင်းမရှိသလို လူထိခိုက်မှု ရှိ၊မရှိကိုလည်း ထုတ်ပြန် ထားခြင်းမရှိပါဘူး။

‘တချို့ပြောကြတာက အသံဗုံးလို့ပြောတယ်။အသံဗုံးဟုတ်၊မဟုတ်ကိုတော့ ဘယ်သူမှ အတည်မပြုနိုင်ဘူး။ သွားကြည့်ရင်အဖမ်းခံရနိုင်လို့ ဘယ်သူမှသွားမကြည့်ရဲဘူး။’လို့ သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေတက်ကြွလှုပ် ရှားသူတစ်ဦးကပြောပါတယ်။

စည်ပင်ရုံးဟာ သထုံမြို့ပေါ် နန်းခဲရပ်ကွက်၊ရုံးကြီးလမ်းပေါ်မှာတည်ရှိပြီး ဌာနဆိုင်ရာရုံးတွေချည်းသာတည်ရှိ တဲ့နေရာဖြစ်ပါတယ်။

‘မနေ့ညနေကလည်း ရဲကားတစ်စီးဖောက်ခွဲခံရတယ်။ဒီမနက်လည်း စည်ပင်ရုံးပေါက်ကွဲတယ်ဆိုတော့ ဒီတမနက်လုံး သထုံမြို့ပေါ်မှာ အပြင်ထွက်တဲ့လူတော်တော်ကျဲသွားတယ်။လူတွေအပြင်သိပ်မထွက်ကြတော့ဘူး’ လို့ သူကဆက် ပြောပါတယ်။

စစ်အုပ်စုသက်ဆိုးရှည်အောင် အထောက်အကူပြုနေတဲ့ လက်ပါးစေရုံးတွေကို မွန် သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ အနေနဲ့ ရရာနည်းနဲ့ ဖျက်ဆီးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။