စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ Facebook ဆိုင်ရာအကောင့်တွေကို Meta ကုမ္ပဏီဖယ်ရှားဖို့ ဆုံးဖြတ်

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

Facebook နဲ့ Instagram တို့ကို ပိုင်ဆိုင်ထားတဲ့ Facebook (Meta) ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ အကောင့်တွေ၊ ဂရုတွေနဲ့ Page တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားဝင် အသိပေးသွားခဲ့ပါတယ်။

Financial Time သတင်းဌာနရဲ့ ဖော်ပြချက်အရ  ဒီကြေညာချက်ဟာ ရိုဟင်ဂျာတွေရဲ့ Facebook အပေါ် တရားစွဲဆိုမှုအပြီး ထွက်ပေါ်လာခဲ့တဲ့ ကြေညာချက်တစ်ခုဖြစ်ပေမယ့် Meta ကုမ္ပဏီကတော့ ဒီနှစ်ခုဟာ ဆက်စပ်မှု မရှိဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးဆိုင်ရာ Facebook စာမျက်နှာတွေ၊ ဂရုတွေနဲ့ အကောင့်တွေဟာ ဆက်လက်ရှိနေတာကြောင့် တိုးမြှင့်ပြီး ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီစီးပွားရေး အုပ်စုတွေကနေ အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်တပ်ကို ထောက်ပံ့မှုတွေပြုလုပ်နေတယ်ဆိုတဲ့ တင်ပြလာမှုတွေအပေါ်မှာ Meta ကုမ္ပဏီက အခြေခံပြီး စဉ်းစားခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ရက်က Facebook ကို အမုန်းစကားပြန့်ပွားမှုတွေနဲ့ ပတ်သက်လို့ ရိုဟင်ဂျာတွေက အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံကျော် ရယူလိုမှုနဲ့ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။