ပြင်သစ်နိုင်ငံဆီက ဘက်စုံသုံး တိုက်လေယာဉ် အစင်း ၈၀ ယူအေအီး ဝယ်

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ ပြင်သစ်နိုင်ငံတို့ဟာ အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံတန်ကြေးရှိတဲ့ ဘက်စုံသုံးတိုက်လေယာဉ်ဝင်ယူရေး သဘောတူညီချက် တစ်ခု ရရှိခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ယူအေအီးအတွက် သမိုင်းဝင်သဘောတူညီမှုဖြစ်ခဲ့ပြီး ပင်လယ်ကွေ့ကို ပြင်သစ်သမ္မတ မက်ခရွန် နှစ်ရက်တာ လာရောက်နေချိန်မှာ သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

ယူအေအီးအနေနဲ့ ပြင်သစ်နိုင်ငံဆီက ဝယ်ယူရမယ့် စစ်သုံးလေယာဉ်စာရင်းမှာ ရာဖေးလ် ဘက်စုံသုံး တိုက်လေယာဉ် အစင်း ၈၀ နဲ့ စစ်ရဟတ်ယာဉ် ၁၇ စင်းပါဝင်ပါတယ်။ 

“ဒီသဘောတူညီမှုစာချုပ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ပိုမိုအားကောင်းတဲ့ အထောက်အပံ့ဖြစ်စေပြီး မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအတွက်လည်း ခိုင်မြဲစေတယ်”လို့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အဘူဒါဘိုင် အိမ်ရှေ့မင်းသား ရှိတ်မိုဟာမတ်ဘင်ဇာယက်အယ်နာယံတို့က ပြောကြားခဲ့တာပါ။

F4 အမျိုးအစား ရာဖေးလ်တိုက်လေယာဉ်တွေဟာ လက်တလောမှာတော့ တည်ဆောက်နေဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာမှ စတင် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ 

ယူအေအီးဟာ ပင်လယ်ကွေ့ပြိုင်ဘက် ကာတာနိုင်ငံရဲ့ နောက်မှာ မကျန်ရစ်စေဖို့ အခုလို လေကြောင်းသုံး စစ်လေယာဉ်တွေကို ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ 

ကာတာနိုင်ငံဟာ လက်ရှိမှာ ရာဖေးလ်တိုက်လေယာဉ်အမျိုးအစား ၃၆ စင်းကို ပိုင်ဆိုင်ထားပါတယ်။