ကျန်းမာရေးအသိုက်အဝန်းကို စစ်အုပ်စု အငြိုးတကြီးတိုက်ခိုက်နေမှု NUG ပြင်းထန်စွာရှုတ်ချ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်(၂၂၈၆)အပါအဝင် ပြည်တွင်း နဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ NUGအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်လိုက်ပါတဘ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ ပရဟိတဝန်ထမ်းတွေနဲ့ဆေးရုံ၊ ဆေးခန်းတွေကို အငြိုးတကြီး ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းနေခြင်းအပေါ် NUGအစိုးရ၊ကျန်းမာ ရေးဝန်ကြီးဌာနအနေနဲ့ ပြင်းထန်စွာရှုတ်ချလိုက်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်မီထိရောက်စွာအရေး ယူဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အနောက်တောင်ပိုင်းကနယ်မြေတစ်ခုအတွင်း အရေးပေါ်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေသူ အမျိုးသမီးတွေ အပါအဝင် ဆေးဝန်ထမ်းတွေကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 နိုဝင်ဘာ၁၆ရက်နေ့လည်ပိုင်းမှာလည်း ဖားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးပြီး မီးစက်အပါအဝင် ပြည်သူပိုင် ဆေးနဲ့ဆေးပစ္စည်းတွေကို လုယူခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းတွေဟာ  ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့် အကြမ်းဖက်အန္တရာယ်နဲ့ မကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ဒီရက်ပိုင်းအတွင်း အထူးကုဆရာဝန်တွေအပါအဝင် ကျန်းမာရေးစောင့်ရှောက် ပေးသူတွေနဲ့ပရဟိတဝန်ထမ်းတွေကို ဆက်တိုက်ထပ်ဖမ်းနေတယ်လို့လည်း ဆိုပါတယ်။