NUG က အခွန်ကောက်တော့မယ်

၂၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

တော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ လုပ်ငန်းရှင်တွေအတွက် လမ်းဖွင့်ပေးတဲ့ အခွန်စနစ်တခု မကြာခင်မှာ မိတ်ဆက်ပေးသွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ စီမံကိန်း ဘဏ္ဍာရေး နှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီနေ့ ညနေပိုင်းမှာကျင်းပတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ ။
အခွန်ထမ်းလုပ်ငန်းရှင်တွေအနေနဲ့ စိတ်ချယုံကြည်စွာ အခွန်ဆောင်နိုင်တဲ့ လမ်းကြောင်းကို ဖွင့်ပေးသွားမှာ ဖြစ်ပြီး တော်လှန်ရေးပြီးရင် အခွန်ဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေကို NUG အစိုးရအနေနဲ့ အခွန်သက်သာခွင့်တွေ ၊ ကင်းလွတ်ခွင့်တွေ ၊ ခုနှိမ်ခွင့် အခွင့်အရေးတွေ ပေးသွားမယ်လို့ ဆိုပါတယ် ။
ကပ်ဘေးကာလမှာ အခွန်အတုပ်အတွက် ဖိအားများစေမယ့် ပုံစံနဲ့ ကောက်ယူသွားမှာ မဟုတ်ပဲ
ဝင်ငွေလမ်းကြောင်း အတွက်ရယ် ၊ နိုင်ငံရေးအရ အခွန်ယန္တရားကို လည်ပတ်ရမှာ ဖြစ်တဲ့ အတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ် ။
အမည်မဖေါ်လိုတဲ့ လုပ်ငန်းရှင်တဦးကတော့ NUG အနေနဲ့ အခုလိုအခွန်ခေါင်းစဉ်ကနေသွားမယ်ဆိုရင် လူထုထောက်ခံမှု ကျသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာလူမျိုးတွေက အခွန်ထမ်းတာနဲ့ ပတ်သက်ပြီး အလေ့အကျင်နည်းသလို ကပ်ရောဂါကြောင့်
ကြပ်တည်းမှုကာလမှာ အခွန်ဆိုတဲ့ ခေါင်းစဉ်နဲ့သွားတာထက် အလှူငွေဆိုတဲ့ ခေါင်းစဉ်နဲ့သွားတာ ပိုပြီး ဖြစ်သင့်တယ်လို့လည်း အဆိုပါလုပ်ငန်းရှင်က သုံးသပ်ပါတယ်။
နိုင်ငံရေးအခင်းအကျင်းက အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ခန့်မှန်းရခက်ခဲနေပြီး လုပ်ငန်းရှင်တွေက အစိုးရနှစ်ဖွဲ့အကြား ကြားညပ်သွားနိုင်တယ်လို့လည်း လုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။ အခုကာလမှာ ကျွန်တော်တို့က နီးရာဓါးကြောက်နေရတာ လို့ Delta News Agency ကိုပြောခဲ့တာပါ။
ဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲအတွင်းမှာ အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းရာမှာ အခွန်ဆောင်တဲ့ ပုံစံကို SCS စနစ်နဲ့သွားမှာ ဖြစ်ပြီး ဘယ်၍ ဘယ်မျှ အခွန်ဆောင်ရမယ်ဆိုတာကို NUG ဘက်က သတ်မှတ်သွားမှာ မဟုတ်ပဲ လုပ်ငန်းရှင်ဘက်ကသာ ဆုံးဖြတ်သတ်မှတ်တဲ့ ပုံစံလို့ ဆိုပါတယ်။
အဲဒီလို အခွန်ဆောင်ရာမှာ တော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ အမှန်တရား ဘက်တော်သား လုပ်ငန်းရှင်တွေကို ရွေးခြယ်ပြီး အခွန်ယဉ်ကျေးမှုနဲ့ မှတ်တမ်းတင်ထားတဲ့ သဘောလို့ ပြောခဲ့ပါတယ် ။