ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ရောင်းချသွားမယ်ဆိုတဲ့ ဘာစီလိုနာ

 

၁၈၊ နိုဝင်ဘာ၊ ၂၀၂၁။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လက်ရှိ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့အတွက် ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ရောင်းချဖို့ စီစဉ်နေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ 

လက်ရှိမှာ ကစားသမားရဲ့ တန်ကြေးကို ပေါင် ၇၅ သန်းလောက်အထိ သတ်မှတ်ထားတယ်လို့ သိရှိရပြီး ဘာစီလိုနာအသင်းဘက်က ကစားသမားကို လက်လွှတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဗြိတိန်သတင်းဌာနက ဖော်ပြခဲ့တာပါ။ 

ဒီနယ်သာလန်ကွင်းလယ်လူ ဒီဂျောင်သာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့ရင် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက ခေါ်ယူနိုင်ချေ အများဆုံး ဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိ နည်းပြသစ် ဇာဗီလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ ရှိနေပမယ့် အသင်းကို အပြည့်အဝပြောင်းလဲနိုင်ဖို့အတွက်တော့ အသင်းရဲ့ ရန်ပုံငွေနဲ့ ဘဏ္ဍာရေးအခြေအနေက ပြဿနာတစ်ခု ဖြစ်နေခဲ့ပါတယ်။ 

ဒါကြောင့် အသင်းမှာ ရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချပြီး အသင်းအခက်အခဲကို ဖြေရှင်းဖို့အတွက် ကြိုးပမ်းလာခဲ့တာပါ။ 

အသက် ၂၄ နှစ်အရွယ် ဒီနယ်သာလန်သားဟာ အေဂျက်ဇ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ၂၀၁၉ ခုနှစ်က ရောက်လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၀၆ ပွဲကစားပြီး သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

နည်းပြသစ်ဇာဗီကတော့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ရဲ့ ကစားပုံကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပေမယ့် အသင်းရဲ့ အခက်အခဲအတွက် ရောင်းချဖို့ ဖြစ်လာခဲ့ရင်တော့ လက်လွှတ်သွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။