နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးရောင်းနေသူ ၂ဦးကို ကရင်နီပြည်ရဲဌာနက ဖမ်းဆီးအရေးယူ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ကရင်နီပြည်ရဲဌာန KSPက ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၇ရက်နေ့က နန်းမယ်ခုံမြို့ ခေါခူရှမ်းရပ်ကွက်က နေအိမ်တစ်ခုကို ကရင်နီပြည်နယ်ရဲဌာနက ဝင်ရောက်ရှာဖွေရာမှာ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WYစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူကို စစ်ဆေးရာမှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က အမျိုးသားတစ်ဦးထံက ဝယ်ယူခဲ့တာဖြစ်ပြီး မကြာခင် ထပ်မံလာရောက်ရောင်းချဖို့ ရှိတာကို သိရတာကြောင့် နိုဝင်ဘာ ၁၀ရက်နေ့မှာ သွားရောက်စောင့်ဆိုင်း ဖမ်းဆီးရာမှာ အမျိုးသားတစ်ဦးနဲ့အတူ WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ပါ ၄ထုတ်ကို ထပ်မံတွေ့ရှိ သိမ်းဆည်းမိတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးရောင်းချသူ ၂ဦးကို ကရင်နီပြည်ရဲဌာနမှာ ချုပ်နှောင်ထားပြီး အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ KSPက ဆိုပါတယ်။

ကရင်နီပြည်ရဲဌာနဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ CDMရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။