ဒီးမော့ဆိုအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နှစ်ဦးဒဏ်ရာရ၊ အဆောက်အအုံတချို့ပျက်စီး

ဧပြီ၊​၂၉
 
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် နှစ်ဦးဒဏ်ရရကာ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
“ အခုက ပြေးကုန်နေကြပြီ၊ ဒီနေရာက စစ်ရှောင်နေတဲ့ သူတွေပဲ နေကြတာပါ၊ အခုသူတို့လေယာဉ်နဲ့ လာပစ်တော့ ဒီနေ့ဆို အကုန်ထွက်ပြေးကြကုန်ပြီ၊ အားလုံးပေါ့၊ ဟို ပစ္စည်းတွေ လာပြန်ကောက်သိမ်းတဲ့သူတွေတော့ ကျန်နေတာပေါ့ ” လို့ ဒေသခံစစ်ရှောင်တဦးက DNA ကို ပြောပါတယ်။
 
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတစ်ရွာကို ဒီကနေ့ မနက် ၉ နာရီခွဲနဲ့ ၁၁ နာရီ ကျော်လောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို လေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
လေကြောင်းတိုက်ခိုက်မှုဖြစ်ချိန်မှာ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ပုန်းခိုနိုင်ခဲ့လို့ လူသေဆုံးမှုမရှိပေမယ့် နှစ်ဦးဒဏ်ရာရကာ နေအိမ်အဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်း၊ ဈေးဆိုင်တချို့နဲ့ စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ စစ်ရှောင်တဲတွေတော့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
“ ဘုန်းကြီးကျောင်း တလုံးနှစ်လုံးလောက်နဲ့ အိမ်နည်းနည်းလောက် ပျက်စီးသွားတယ်၊ အဲလောက်ပါပဲ၊ ထိခိုက်ဒဏ်ရာရတာ သိပ်ပြီးမများဘူးပေါ့နော်၊ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ လူနာနှစ်ယောက်တော့ရှိတယ်၊ တဦးက အမျိုးသား သက်ကြီးပိုင်း နည်းနည်းစိုးရိမ်ရတယ်ပြောတယ်၊ လာပစ်တဲ့အချိန်မှာ ဗုံးခိုကျင်းနဲ့ တုတ်ကျင်းတွေမှာ တိမ်းရှောင်နေခဲ့တဲ့ ပြည်သူတွေက ထိခိုက်ဒဏ်ရာရရှိမှု နည်းသွားတာလို့ ပြောရမယ် ” လို့ ဒီးမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
ကရင်နီ ဒေသမြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ Karenni’s Voice ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့နှစ်ခု၊ နေအိမ်နှစ်လုံးနဲ့ ဈေးဆိုင်သုံးဆိုင် ထိခိုက်ပျက်စီးသလို ကားဝပ်ရှော့က အလုပ်သမားနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
 
“ အခုပစ်ခံရတဲ့ နေရာဟာ စစ်ရှောင်တွေ အများကြီး ရှိနေတာ၊ ရှောင်နေကြတာပေါ့၊ စစ်ရှောင်ကတော့ ရာနဲ့ချီရှိပါတယ်၊ အဓိက စစ်ရှောင်နေကြရင်း ဈေးဆိုင်အသေးလေးတွေ ဖွင့်ထားကြပြီး နေကြတယ်၊ အဲလူတွေ ပိုနေကြတယ်၊ တပိုင်တနိုင် ခြံထွက်သီးရွက်တွေ ရောင်းကြတာပေါ့၊ ကား၊ ဆိုင်ကယ်ဆိုင်ဝပ်ရှော့တွေလည်း ရှိကြတယ် ” လို့ ဒီးမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ထပ်မံတိုက်ခိုက်လာခြင်း မရှိပေမယ့် ကင်းထောက်လေယာဉ်တွေ ပျံဝဲနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းက ပြည်သူတွေအားလုံးနီးပါး လက်ရှိ ဘေးလွတ်ရာကို ထွက်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက နေရာတခုကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့တိုက်ခိုက်ခံရတဲ့ နေရာဟာ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – Karenni’s Voice