ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်အလောင်းဖျောက်ခဲ့သူဟာ PDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်ဆိုတဲ့ သတင်းမှား

ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်အလောင်းဖျောက်ခဲ့သူဟာ PDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်ဆိုတဲ့ သတင်းမှား

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
(Fact-check – DNA/The Red Flag)

☑️အနှစ်ချုပ်
လူမှုကွန်ရက်စာမျက်နှာတွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ဖရောင်(Lat Phrao) ၁၀၉ လမ်းသွယ်မှာ ဇနီးသည်ရဲ့ အလောင်းကို အပိုင်း ၄ ပိုင်းဖြတ်တောက်ကာ အိတ်တွေထဲ ထည့်သွင်းစွန့်ပစ်ခဲ့တဲ့အမှုက ဖမ်းဆီးရမိတဲ့ တရားခံဖြစ်သူခင်ပွန်းဟာ PDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။ ဒီအကြောင်းအရာက ဖြစ်စဉ်အမှန်ကို PDF တပ်ဖွဲ့ဝင်ဟောင်း ကျူးလွန်ခဲ့သလို ပုံဖော် ဖန်တီးရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဇနီးသည်ကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး လူသတ်အလောင်းဖျောက်ခဲ့သူဟာ PDF အဖွဲဝင်ဟောင်းတစ်ဦး ဖြစ်သလို တစ်ချိန်က သောက်စားသုံးဖြုံး ခဲ့ပြီး အခုဝင်ငွေရလမ်းနည်းလာချိန်မှာ လင်မယားအဆင်မပြေမှုတွေ မကြာခဏဖြစ်ပြီးနောက် ကိုယ်ထိ လက်ရောက်ပြုမူတာတွေ လုပ်လေ့ရှိတယ်လို ဘန်ကောက်က မြန်မာအသိုင်းအဝိုင်းက ပြောကြပါတယ်။ လူသတ်မှု ကျူးလွန်သူဟု သံသံယဖြင့် ရဲက ဖမ်းဆီးထားသူမှာ ဗညားစိုးလှိင်ဆိုသူဖြစ်သည်”(မူရင်းအတိုင်း) လို့ စစ်အုပ်စုလော်ဘီ Ko Thet တယ်လီဂရန်ချန်နယ်ကနေ နိုဝင်ဘာလ ၂၃ ရက်မှာ ဓါတ်ပုံ(၇)ပုံနဲ့အတူ ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Ko Chit(MDY)- https://archive.ph/FteZL

ဒါကို Freedom News Group Facebook Page နိုဝင်ဘာလ ၂၄ ရက်မှာ ဓါတ်ပုံ ၉ ပုံနဲ့အတူ ရေးသား ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Freedom News Group- https://archive.ph/dTk4T

အဲ့ဒီအကြောင်းအရာကို Delta News Agency က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဘန်ကောက်မြို့၊ နေ မြန်မာရွှေ့ပြောင်းလုပ်သား ဗညားစိုးလှိုင်နဲ့ ဇနီးဖြစ်သူ နန်းဖြိုးလှိုင်တို့စကားများရန်ဖြစ်ကာ သတ်ဖြတ်မှု ဖြစ်ပြီးနောက် ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်တောက် အလောင်းဖျောက်ခဲ့လို့ အဖမ်းခံရတဲ့ဖြစ်စဉ် အမှန်ဖြစ်ပြီး ဗညားစိုးလှိုင်ဟာ ရွှေ့ပြောင်းအလုပ်သမားတဦးသာဖြစ်ပြီး PDF ဟောင်းဆိုတာ ပုံဖျက်အပုတ်ချရေးသား ထားတဲ့ သတင်းမှား ဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

☑️ သတင်းစိစစ်ချက်
ဘန်ကောက်မြို့၊ Bang Kapi(ဘန်ကပီ)ခရိုင်၊ Khlong Chan(ခလောင်းချန်)ရပ်ကွက် Soi Lat Phrao 109 လမ်းက အမှိုက်ပုံတခုမှာ အနံ့ထွက်နေလို့ ရှာဖွေခဲ့ရာအမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အိတ်အတွင်း ထည့်သွင်းစွန့်ပစ်ထားတာတွေ့ခဲ့ပြီး လတ်ဖရောင် ၁၀၉ လမ်းရှိ တိုက်ခန်းတခုနေ အမျိုးသား တဦး ပလပ်စတစ်အိတ်တွေကို အမှိုက်ပုံကို သယ်ဆောင်ထားရှိတာကို CCTV မှတ်တမ်းတွေအရ တွေ့ရှိရ လို့ တာဝန်ရှိတွေက ရှာဖွေစုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလမ်းက တိုက်ခန်းတခုရဲ့ တတိယထပ်အခန်းနေ မြန်မာနိုင်ငံသား ဗညားစိုးလှိုင်(၂၁)နှစ်ဟာ လွန်ခဲ့ သော ၁ ပတ်ခန့်က ဇနီးဖြစ်သူနဲ့စကားများရန်ဖြစ်ပြီးနောက် ဇနီးသည်ကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အိတ်တွေထဲထည့်ကာ လမ်းထဲကအမှိုက်ပုံမှာ စွန့်ပစ်ခဲ့ကာ ထွက်ပြေးသွား တာလို့ သိရှိရပြီး နိုဝင်ဘာ ၂၃ ရက်မှာ Samut Sakhon ပြည်နယ်၊ Krathum Baen ခရိုင်၊ Om Noi ဒေသမှာ ဗညားစိုးလှိုင်ကို ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းနေတယ်လို့ Bangkok Post, Thai PBS နဲ့ Khaosod News တို့က ရေးသားထားပါတယ်။

Bangkok Post- https://archive.ph/DkrvP
Thai PBS World- https://www.thaipbsworld.com/around-thailand/573202
Khaosod News- https://archive.ph/tuOmt

ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်၊ Soi Lat Phrao 109၊ လမ်းဆုံ ၅ (Intersection 5) အနီးက အမှိုက်ပုံဘေး မှာ အိတ် ၁ လုံးအတွင်း ထည့်ထားတဲ့ အမျိုးသမီး ရုပ်အလောင်း အပိုင်းအစတွေကို ဒေသခံတွေက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က တွေ့ရှိခဲ့ပြီး အနီးနားရှိ CCTV မှတ်တမ်းအရ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်မှာ မြန်မာအမျိုးသား Banyar Soe Hlaing(၂၁)နှစ်ဟာ အိတ်ကြီး ၁ လုံးကို ယူပြီး သူ့ရဲ့ အခန်းထဲက ထွက်လာတာကို တွေ့ရှိရလို့ ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ Samut Sakhon ခရိုင်၊ Krathum Baen မြို့နယ်ရှိ အိမ်ငှားနေထိုင်ရာနေရာတခုမှာ သူ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဗညားစိုးလှိုင်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ အလုပ်က ပြန်လာပြီးနောက် ဇနီး ဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့ပြီး လည်ပင်းညှစ်သတ်ခဲ့ကြောင်း သေဆုံးမှုအား ဖုံးကွယ်ရန်အတွက် ရုပ်အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်ဆိုပြီး The Nation က ရေးသား ခဲ့တာကို တွေ့ရပါတယ်။
The Nation- https://archive.ph/gkJB3

ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်၊ လတ်ဖရောင် ၁၀၉ လမ်း၊ ဆွိုင် ၅ မြေကွက်လွတ်အမှိုက်ပုံမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ ဒေသခံတွေက အနံ့ဆိုးထွက်နေလို့ စစ်ဆေးရာ အဆိုပါအမှိုက်ပုံ၌ အစိမ်းရောင် အိတ်အတွင်း ထည့်ထားတဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းနဲ့ ခြေထောက်တွေကို တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ CCTV မှတ်တမ်းတွေအရ ဩဂုတ်လကစလို့ အမှိုက်ပုံအနီးအဆောင်မှာနေထိုင်တဲ့ အမျိုးသား တဦးဟာ အိတ်တွေကိုလာရောက်စွန့်ပစ်ခဲ့တာကို တွေ့ရှိရပါတယ်။

အဲဒီနောက် ထိုင်းရဲတပ်ဖွဲ့က လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက် ညပိုင်းမှာ စမွတ်ဆာခွန်မြို့ က အခန်းတခန်းမှာ မြန်မာနိုင်ငံသား အသက်(၂၁)နှစ်အရွယ် ဗညားစိုးလှိုင်ကို ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့က သဝန်တိုမှုကြောင့် ဇနီးဖြစ်သူ နန်းဖြိုးလှိုင်ကို သတ်ဖြတ်ကာ အလောင်းကို အပိုင်းပိုင်းဖြတ် တောက်စွန့်ပစ်ခဲ့ခြင်းဖြစ်တယ်လို့ BBC နဲ့ Democratic Press တို့က ရေးသားထားပါတယ်။

BBC- https://tinyurl.com/yfha7zam
Democratic Press- https://shorturl.at/56Hrb

အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသား ဗညားစိုးလှိုင်ဟာ သူရဲ့မြန်မာဇနီးဖြစ်သူကို သတ်ဖြတ်ကာ ရုပ်အလောင်းကို ၄ ပိုင်း ဖြတ်တောက်ထားပြီး ဘယ်သူလဲဆိုတာ ဖော်ထုတ်ရခက်စေဖို့ ရည်ရွယ်ချက်နဲ့ လက်ချောင်းထိပ်က အရေပြားတွေကို လှီးဖြတ်ဖယ်ရှားထားတဲ့အပြင် အမှုဖျောက်ဖျက်ဖို့ ဘန်ကပိခရိုင်၊ စွိုင်လတ်ဖရောင် ၁၀၉ ၊ လမ်းသွယ် ၅ ရှိ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့ပါတယ်။

သေဆုံးသူမှာ အသက် ၂၁ နှစ်ခန့်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး သူတို့စုံတွဲဟာ သြဂုတ်လကတည်းက စွိုင်လတ်ဖရောင် ၁၀၉၊ လမ်းသွယ် ၅ က တိုက်ခန်းကို ငှားရမ်းနေထိုင်ကာ(Lat Phrao 140)က မုန့်ဖုတ် စက်ရုံတခုမှာ အတူတူ လုပ်ကိုင်ခဲ့သူတွေဖြစ်ပြီး လတ်ဖရောင်ရဲစခန်းမှာ စစ်ဆေးမေးမြန်းခဲ့ရာ CCTV မှတ်တမ်းက အိတ်တွေ သယ်ယူနေသူဟာ သူဖြစ်ပြီး ပြစ်မှုကျူးလွန်မှုကို ဝန်ခံထွက်ဆိုထားတယ်လို့ Migrant Times နဲ့ Mingalar News တို့က ရေးသားထားတာကို တွေ့ရပါတယ်။

Migrant Times- https://tinyurl.com/c8esyc5b
Mingalar News- https://tinyurl.com/m2cark5v

☑️သုံးသပ်ချက်
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သဝန်တိုတာကြောင့် လင်မယားချင်း မကြာခဏစကားများ ရန်ဖြစ်လေ့ ရှိပြီးထမင်းဟင်းချက်မပေးတဲ့အပေါ် ဒေါသထွက်ပြီးသတ်မိတာဖြစ်တယ်လို့ရေးထားတာကိုတွေ့ရပါတယ်။

ထိုင်းသတင်းဌာနတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ရေးသားချက်တွေမှာ ဗညားစိုးလှိုင်ဟာ PDF အဖွဲ့ဝင်ဟောင်း တဦးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ရေးသားချက် တစုံတရာကို မတွေ့ရှိရတဲ့အတွက် ပုံဖျက်ရေးသားထား မှုသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ဗညားစိုးလှိုင်(၂၁)နှစ်ဟာ ဇနီးဖြစ်သူနန်းဖြိုးလှိုင်(၂၁)နှစ်နဲ့အတူ ဩဂုတ်လက ဘန်ကောက် မြို့၊ လတ်ဖရောင် ၁၀၉၊ လမ်းဆုံ ၅ က တိုက်ခန်းတတိယထပ်မှာ ငှားရမ်းနေထိုင်ပြီး(Lat Phrao 140)က မုန့်ဖုတ်စက်ရုံတခုမှာ ဇနီးနဲ့အတူ အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတဦးသာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။