
“တင်ပြထားတဲ့အတိုင်း ခွင့်ပြုလို့ ဆောက်နေတဲ့ကြားက ဟိုဟာ၊ဒီဟာ ညွှန်ကြားချက်အရ ထပ်ဖြည့်ပါ ဆိုတာတွေ ရှိလာတော့ အဆင်မပြေတော့ဘူးလေ။
၂၆၊နိုဝင်ဘာ
အဆောက်အဦး ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ကန့်သတ်ချက်တွေ တိုးမြင့်လိုက်ပြီး နောက်ပိုင်း ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ပိုပြီးတင်းကြပ်တဲ့ စောင့်ကြည့်မှုတွေ ရှိလာသလို လိုက်နာရမယ့် ကန့်သတ်ချက်တွေလည်း များလာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ကမှာ အခက်တွေ့နေကြပါတယ်။
“စည်ပင်က အခုတမျိုး တော်ကြာတမျိုး မူတွေချနေတော့ ကန်ထရိုက်နဲ့ လုပ်ငန်းအပ်သူကြား အမြဲအခြေအတင် ဖြစ်ရတယ်။ ဒီဇိုင်းနဲ့ ကုန်ကျစရိတ် ထွက်ပြီးမှ ပြန်ပြင်ခိုင်းတာတွေ ရှိနေတာ များတော့ လုပ်ရကိုင်ရ မကောင်းတော့ဘူး”လို့ တာမွေမြို့နယ်မှ ကန်ထရိုက်တာ တဦးက ပြောပါတယ်။
လက်ရှိမှာ မြို့တော်စည်ပင်(YCDC)က ငလျင်ဒါဏ်ခံနိုင်ရေးနဲ့ ဘေးကင်းလုံခြုံရေးတွေအတွက် ဆောက်လုပ်ဆဲ အဆောက်အဦတွေကိုပါ စောင့်ကြပ် စစ်ဆေးတာတွေ ပိုလုပ်နေခဲ့ပြီး မူဝါဒအသစ် ချတိုင်းလည်း လိုက်ပါလုပ်ဆောင် စေတာမျိုးတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း အစုအဖွဲ့က ဆိုပါတယ်။
“တင်ပြထားတဲ့အတိုင်း ခွင့်ပြုလို့ ဆောက်နေတဲ့ကြားက ဟိုဟာ၊ဒီဟာ ညွှန်ကြားချက်အရ ထပ်ဖြည့်ပါ ဆိုတာတွေ ရှိလာတော့ အဆင်မပြေတော့ဘူးလေ။ ပိုင်ရှင်က တမျိုးမြင်တာပေါ့ ” လို့ ဆောက်လုပ်ရေး ကုမ္ပဏီတခုရဲ့ လုပ်ငန်းဖော် ကန်ထရိုက်တဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ငလျှင်ဒါဏ်ခံ တည်ဆောက်ဖို့ကို အခုလပိုင်းမှာ ညွှန်ကြားချက် သီးခြားထွက်ထားသလို၊ စီးပွားဖြစ် အဆောက်အဦတွေနဲ့ ပတ်သက်ပြီးလည်း ဆိုလာစနစ် တပ်ဆင်ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။
အဲဒီ ညွှန်ကြားချက်တွေ ထွက်လာတာကြောင့် ဆောက်လုပ်ကုန်ကျစရိတ် လျှာထားနှူန်းလည်း ကွာဟသွားသလို ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းစရိတ်လည်း အချိန်နဲ့အမျှ မြင့်တက်နေခဲ့လို့ ရှိရင်းစွဲ လုပ်ငန်းတွေလောက်ပဲ ပြီးပြတ်အောင် လုပ်နေရပြီး လုပ်ငန်းအသစ် အပ်နှံမှု မရှိသလောက် ဖြစ်လာတယ်လို့ သိရပါတယ်။