ပြည်ပကျားဖြန့်လုပ်ငန်းတွေမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါဝင်မှု နှစ်ဆကျော် တိုးလာ

ပြည်နှင်ဒဏ်ပေးခံရသူတွေထဲမှာ အမျိုးသား ၁၁၁ ဦးနဲ့ အမျိုးသမီး ၂၈ ဦး ပါဝင်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

၂၅၊ နိုဝင်ဘာ။

 

ပြည်ပအခြေစိုက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ အမှုပေါင်း ၁၅,၁၆၄ မှုအထိ အခုနှစ်အတွင်း စံချိန်တင်ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အာမာနာသာ နာဆာက နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

 

“ဒီကိန်းဂဏန်းဟာ ၂၀၂၅ ခုနှစ် တနှစ်လုံးမှာ မှတ်တမ်းတင်ထားတဲ့ စုစုပေါင်းအရေအတွက်ထက် နှစ်ဆကျော် ပိုများနေပါတယ်” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဝန်ကြီးက ပြောခဲ့တာပါ။

 

ပါဆေးမြို့က ပါဆယ်ထုပ်အကြောင်းပြ လိမ်လည်မှု စင်တာတခုလို့ သံသယရှိရတဲ့ နေရာကနေ ကယ်တင်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၃၉ ဦးကို ဖိလစ်ပိုင်အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြည်နှင်ဒဏ် ပေးလိုက်ချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

အဆိုပါသံသယရှိတဲ့ နေရာကိုနိုဝင်ဘာ ၃ ရက်နေ့က ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနဲ့ ဖော်ထုတ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာလို့  ABS-CBN သတင်းဌာနက ဖော်ပြပါတယ်။

 

အင်ဒိုနီးရှားအာဏာပိုင်တွေက သူတို့ကို ဝရမ်းပြေးတွေအဖြစ် သတ်မှတ်ထားပြီး နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုထားတာဖြစ်လို့ နိုင်ငံပြန်ရောက်တာနဲ့ တရားစွဲဆိုခံရဖွယ် ရှိနေပါတယ်။

 

“ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ မနီလာမြို့မှာ လှုပ်ရှားနေတဲ့ အဲဒီရာဇဝတ်ဂိုဏ်းဟာ အင်ဒိုနီးရှားနိုင်ငံတွင်းက ရဲတပ်ဖွဲ့တိုင်ကြားချက် ၈၇ မှုနဲ့ ဆက်စပ်နေပြီး နစ်နာသူတွေရဲ့ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးဟာ ရူပီး ၄၆ ဒသမ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆ သန်း) လောက် ရှိပါတယ်” လို့ အာမာနာသာက သတင်းထောက်တွေကို ပြောပါတယ်။

 

ပြည်နှင်ဒဏ်ပေးခံရသူတွေထဲမှာ အမျိုးသား ၁၁၁ ဦးနဲ့ အမျိုးသမီး ၂၈ ဦး ပါဝင်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အာမာနာသာက လူကုန်ကူးခံရသူတွေအဖြစ် စိစစ်တွေ့ရှိရတဲ့ နိုင်ငံသားတွေအတွက် အကာအကွယ်ပေးရေးနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးရေးတို့ကိုအာမခံပေးထားပါတယ်။

 

တဖက်မှာလည်း ပြစ်မှုကျူးလွန်သူတွေကို ဘယ်နေရာမှာပဲ လှုပ်ရှားနေပါစေ ပြတ်ပြတ်သားသား အရေးယူသွားမယ့် အင်ဒိုနီးရှားအစိုးရရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို အလေးပေး ပြောခဲ့ပါတယ်။

 

အဆိုပါ ငွေလိမ်ကွန်ရက်တွေကို ဖြိုခွင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ နှစ်နိုင်ငံချင်း၊ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ တရားဝင် နိုင်ငံပိုင်သတင်းဌာန Antara က ဖော်ပြပါတယ်။

 

“ဒါဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်တဲ့အတွက် တုံ့ပြန်ဆောင်ရွက်မှုကလည်း နိုင်ငံဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသားတွေပါဝင်ပတ်သက်တဲ့ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်တွေရဲ့ ၉၇ ဒသမ ၇ ရာခိုင်နှုန်းဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက အဓိကဗဟိုချက် ဖြစ်လာကာ စုစုပေါင်းအမှုရဲ့ ၉၀ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

 

အလားတူအမှုမျိုးတွေကို မြန်မာ၊ လာအို၊ အရှေ့တီမော၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း စိစစ်တွေ့ရှိထားပါတယ်။ အဆိုပါ အွန်လိုင်းလိမ်လည်မှုကွန်ရက်တွေဟာ ဒေသတွင်းကို ကျော်လွန်ပြီး တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပနဲ့ တောင်အာဖရိက၊ မဒါဂတ်စကားတို့အပါအဝင် အာဖရိကဒေသတချို့အထိပါ ပျံ့နှံ့လာနေပါတယ်။

 

 

“လုပ်နည်းလုပ်ဟန်ကတော့ အတူတူပါပဲ။ သားကောင်ဖြစ်မယ့်သူတွေကို လစာကောင်းတဲ့ အလုပ်အကိုင်တွေနဲ့မက်လုံးပေး ဆွဲဆောင်ပြီး နောက်ဆုံးမှာ လိမ်လည်မှုနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေထဲ ပိတ်မိသွားစေတာပါပဲ” လို့ ဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

 

အလုပ်ရှာဖွေသူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်တွေကို အစိုးရရဲ့ တရားဝင်လမ်းကြောင်းတွေကနေ တဆင့် စိစစ်အတည်ပြုကြဖို့နဲ့ ပုံမှန်ထက်ပိုပြီး လစာအများကြီးပေးမယ်လို့ ကမ်းလှမ်းတာတွေကို သတိထားကြဖို့လည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

ကိုးကား – CNA