ရာသီဥတုဆိုင်ရာထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ အဆုံးသတ်

နိုင်ငံပေါင်း ၂၀၀ နီးပါးကြားမှာ ဘုံသဘောတူညီချက်ရရှိအောင် ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

 

၂၃၊ နိုဝင်ဘာ။

တူရကီမှာ ကျင်းပတဲ့ COP31 ရာသီဥတုညီလာခံဟာ ရုပ်ကြွင်းလောင်စာဆိုင်ရာ အငြင်းပွားဖွယ် သဘောတူညီချက် ပျက်ပြယ်သွားတာကြောင့် နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ အောင်မြင်မှုမရဘဲ ပြီးဆုံးသွားပါတယ်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲဟာ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး စံချိန်တင် ဆွေးနွေးခဲ့ရပါတယ်။

ဒါပေမယ့် ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုမှု လျှော့ချရေး ဒါမှမဟုတ် ရပ်ဆိုင်းရေး ကိစ္စနဲ့ပတ်သက်ပြီး  ဆွေးနွေးရာမှာတော့ အငြင်းပွားမှုတွေကြောင့် သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့တဲ့အပေါ် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေက ဒေါသတကြီးတုံ့ပြန်ခဲ့ကြပါတယ်။

 

ဒါဟာ ပိုမိုကွဲပြားခြားနားလာတဲ့ကမ္ဘာကြီးမှာ သံတမန်ရေးရာ ဖိအားတွေ ပြင်းထန်နေတာကို မီးမောင်းထိုးပြနေပါတယ်။

 

ရုပ်ကြွင်းလောင်စာဆီတွေကို ဒိုင်နိုဆောတွေလို မျိုးတုံးပျောက်ကွယ်သွားအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတွေကိုတိုက်တွန်းခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်ကလည်း  အလွန်အမင်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

 

“ရာသီဥတု အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းဖို့ အစိုးရတွေဘက်က အင်တိုက်အားတိုက် ကြိုးပမ်းကြလိမ့်မယ်လို့ မျှော်လင့်ထားသူတွေအားလုံးလိုပဲ ကျွန်တော်လည်း အကြီးအကျယ် စိတ်ပျက်မိပါတယ် ” လို့ ရာထူးကနေအနားယူတော့မယ့် ကုလသမဂ္ဂ အကြီးအကဲကကြေညာချက်ထဲမှာ ပြောကြားပါတယ်။

 

COP31 ဆွေးနွေးပွဲရဲ့ သဘာပတိ ခရစ်စ် ဘိုဝင်က နိုင်ငံပေါင်း ၂၀၀ နီးပါးကြားမှာ ဘုံသဘောတူညီချက်ရရှိအောင် ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

 

“ကံမကောင်းစွာနဲ့ပဲ ကျတော်တို့အနေနဲ့ ပင်မသဘောတူညီချက် မူကြမ်း  အပေါ် သဘောတူညီချက် မရရှိနိုင်ခဲ့ပါဘူး။ ဒါဟာ စိတ်ပျက်စရာပါ။ အလွန်ကို စိတ်ပျက်စရာ ကောင်းပါတယ်” လို့ ဩစတြေးလျ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးလည်းဖြစ်တဲ့ ဘိုဝင်က သတင်းထောက်တွေကိုပြောပါတယ်။

 

 

စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ နောက်ဆက်တွဲဂယက်တွေကြောင့် စည်းလုံးညီညွတ်မှုရဖို့ ခက်ခဲနေချိန်မှာ ကျင်းပရတဲ့ အဆိုပါ ထိပ်သီးဆွေးနွေးပွဲရဲ့ နောက်ခံအခြေအနေဟာ “လက်ရှိမျိုးဆက်သက်တမ်းအတွင်း အရှုပ်ထွေးဆုံးနဲ့ တင်းမာမှုအများဆုံး ပထဝီနိုင်ငံရေး အခြေအနေ” ဖြစ်တယ်လို့ ဘိုဝင်က ပြောပါတယ်။

 

ဆွေးနွေးပွဲမှာ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှုလျော့ချရေးနဲ့ ပတ်သတ်ပြီး ဥရောပသမဂ္ဂနဲ့ ဆော်ဒီအာရေဗျတို့ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲဟာ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ ညစ်ညမ်းမှုအများဆုံး ထုတ်လွှတ်နေတဲ့နိုင်ငံကြီးတွေနဲ့ အဲဒီရဲ့ ဆိုးကျိုးဒဏ်ကို အပြင်းထန်ဆုံးခံစားနေရတဲ့ နိုင်ငံငယ်လေးတွေကြားက ကွာဟချက်ကိုအထင်းသား ပေါ်လွင်စေခဲ့ပါတယ်။

 

ကိုးကား – Reuters