ရေကြည်မြို့နယ်တခုတည်းမှာ ရေမြုပ်နေတဲ့ စပါးဧကတသောင်းခွဲကျော်ရှိနေ

ဧရာဝတီတိုင်းရဲ့ ဆန်စပါးဖူလုံမှုဟာ ၄၇၃ ရာခိုင်နှုန်းကျော်အထိရှိတဲ့အတွက်ကြောင့် ဆန်စပါးဖူလုံရေးနဲ့ လိုအပ် ချက်တွေအတွက် စိုးရိမ်ပူပန်စရာလုံး၀မရှိဘဲ ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်းအနည်းငယ်အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုးစိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ခဲ့ပါ တယ်။

၂၄၊ ဩဂုတ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် တခုတည်းမှာ စိုက်ပျိုးပြီသား စပါးခင်းဧကတသောင်းခွဲကျော် ရေမြုပ်နေပြီး ရေဘေးသင့်ပြည်သူ တသောင်းကျော်ရှိနေတယ်လို့ ရေကြည်မြို့နယ်တိုင်းလွှတ် တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဇူလိုင် ၃၀ ရက်ည ၁၁ နာရီခွဲခန့်မှာ လေးမျက်နှာမြို့အနီး မြစ်ကျိုးရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်အပြင် ရေကြည်မြို့နယ် တခုလုံးနီးပါးမှာပါ ရေကြီးနေတာဖြစ်ပြီး စပါးခင်းတွေ ရေပြည့်နေတာ ဆယ်ရက်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

“လယ်ဧက တသောင်းခွဲကျော်နဲ့ ရေဘေးသင့်ပြည်သူ တသောင်းကျော်လို့ သိရပါတယ်။ ရေကြည်မြို့နယ်စာရင်း ခန့်မှန်းပါ။ လယ်သမားတွေကတော့ ထွန်ယက်တဲ့စရိတ်တွေ၊ မျိုး၊ အစာကျွေးပြီးတဲ့ လယ်သမားဆိုရင် မြေဩဇာဖိုးတွေ ဆုံးရှုံးတာပေ့ါ” လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်စိုးက ပြောပါတယ်။

အဲဒီစပါးခင်းဧက တသောင်းခွဲကျော်ဟာ လုံး၀ပျက်စီးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ပျက်ပြီပေါ့။ ရေက အခုပြန်ကျမယ့်အခြေအနေမှာမှ မရှိဘူးတာ။ အခုတောင် ရေတက်ပဲတက်နေတာ၊ မကျ ဘူး။ ရေကြည်၊ ငသိုင်းမြို့ပေါ်တွေထိပါ တက်နေပြီ” လို့ ရေကြည်မြို့နယ်မှ ဒေသခံလယ်သမားတဦးက ပြောပါ တယ်။

လက်ရှိမှာ ရေကြည်မြို့နယ် ငသိုင်းမြို့ပေါ် တခုလုံးမှာလည်း လူတရပ်ဝန်းကျင် ရေနစ်မြုပ်နေပြီး ရေကြည်နဲ့ ကျုံ ပျော် မြို့ပေါ်တွေမှာပါ ရေစတက်နေပြီလို့ ဆိုပါတယ်။

ရေကြည်မြို့နယ်အပြင် ဟင်္သာတ၊ လေးမျက်နှာ၊ ကျုံပျော်မြို့နယ်တို့မှာလည်း စိုက်ပျိုးပြီးသား စပါးခင်းဧကများစွာ ပျက်စီးနေပြီး ဧကသုံးသောင်းကျော်ရှိနိုင်ကာ ဧရာဝတီတိုင်းတခုလုံးမှာရေဘေးကြောင့် စိုက်ဧက ငါးသောင်းဝန်း ကျင်ပျက်စီးမှုရှိနေတယ်လို့ လယ်သမားအရေဆောက်ရွက်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက ကျိုးသွားခဲ့တာဖြစ်ပြီး ရေကြီးနေတာဟာ ၂၅ ရက်ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ တာပေါက်အနီး လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျပေမယ့် မြေနိမ့်ပိုင်းတွေဖြစ်တဲ့ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်ဘက်တွေမှာ ရေပိုတက်လာနေပါတယ်။

လယ်ယာသုံး ဓာတ်မြေဩဇာတွေ စျေးတက်နေတဲ့အထဲက စိုက်ပျိုးစရိတ်အတွက် ချေးငွေတွေယူကာ စိုက်ပျိုးထား ရတဲ့ လယ်သမားတွေအဖို့ ရေဘေးကြောင့် တပူပေါ်နှစ်ပူဆင့်ဖြစ်ကာ အကြွေးနွံနစ်ရတော့မယ့်ကိန်းဆိုက်နေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက သွင်းအားစု စျေးကြီးတာ၊ အလုပ်သမား ရှားပါးတာ ၊ လုပ်အားခ စျေးတက်တာ၊ လယ်ယာထွက်ကုန်တွေ စျေးကောင်းမရတာတို့ကြောင့် အမြတ်နည်း၊ အရှုံးပေါ်တဲ့ အခြေအနေနဲ့ နှစ်စဉ် ကြုံနေခဲ့ကြရတာပါ။
အဲဒီလိုအခြေအနေမှာ ငဝန်မြစ်တာဘောင်ကျိုးကျပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်စီးရကာ ရေဘေးပါ ထပ် ကြံနေကြရတာပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းရဲ့ ဆန်စပါးဖူလုံမှုဟာ ၄၇၃ ရာခိုင်နှုန်းကျော်အထိရှိတဲ့အတွက်ကြောင့် ဆန်စပါးဖူလုံရေးနဲ့ လိုအပ် ချက်တွေအတွက် စိုးရိမ်ပူပန်စရာလုံးဝမရှိဘဲ ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်းအနည်းငယ်အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုးစိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ခဲ့ပါ တယ်။

ဒါပေမယ့် လက်တွေ့မှာတော့ လယ်သမားတွေအပါအဝင် ရေဘေးသင့်ပြည်သူတွေကို အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာဆေးဝါးတွေတောင် အလုံအလောက်ထောက်ပံ့ပေးတာမရှိဘဲ ပုဂ္ဂလိကအလှူရှင်တွေရဲ့ အထောက်အပံ့တွေ ကိုပဲ အားကိုးနေကြရတယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေက ပြောကြပါတယ်။

#ဧရာဝတီတိုင်း #ရေကြည် #စပါးခင်း #ရေမြုပ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်