တိုင်ဖွန်းမုန်တိုင်းနာရာကြောင့် တရုတ်တောင်းပိုင်းမှာ မိုးကြီးပြီး လူပေါင်းငါးသောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

မြစ် ၁၅ စင်းမှာရှိတဲ့ စောင့်ကြည့်ရေးစခန်း ၂၀ စလုံးမှာ ရေမှတ်တွေဟာ သတိပေးအဆင့်ထက် အများကြီး ပိုမြင့်တက်နေခဲ့တာပါ။

၂၄ ၊ ဩဂုတ်

တိုင်ဖွန်းမုန်တိုင်း နာရာ ကြောင့် မိုးဆက်တိုက်သည်းထန်စွာ ရွာပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီ ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေတွေဖုံးလွှမ်းသွားခဲ့ပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးထပ်ရွာမယ်လို့ မိုးလေဝသဌာနက သတိပေးထားတာမို့လို့ လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ရွှေ့ပေးခဲ့ရပါတယ်။

ရေကြီးတာကြောင့် လူ ၅၄,၀၀၀ လောက် ဘေးလွတ်ရာ ရွှေ့ခဲ့ရပြီး အဲဒီထဲက ၈,၀၈၇ ဦးကိုတော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးထားတယ်လို့ CCTV သတင်းဌာနက ပြောပါတယ်။

မြစ် ၁၅ စင်းမှာရှိတဲ့ စောင့်ကြည့်ရေးစခန်း ၂၀ စလုံးမှာ ရေမှတ်တွေဟာ သတိပေးအဆင့်ထက် အများကြီး ပိုမြင့်တက်နေခဲ့တာပါ။

CCTV ရဲ့ ဝေဟင်ရုပ်သံဖော်ပြချက်အရ ချန်ဇူးမြို့ရဲ့ ဧရိယာတော်တော်များများမှာ ရေတွေ ဖုံးလွှမ်းနေတာ တွေ့ရပြီး လမ်းတွေရော အထပ်နိမ့် အဆောက်အအုံတွေပါ ရေမြုပ်နေတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရေးသမားတွေက ဒူးဆစ်လောက်ထိ ရေထဲဆင်းပြီး ရေမြုပ်နေတဲ့ ရပ်ကွက်တွေထဲ ပိတ်မိနေတဲ့ လူတွေကို ရာဘာလှေတွေနဲ့ လိုက်ကယ်ထုတ်ပေးနေကြတာပါ။

တရုတ်တောင်ပိုင်းဒေသ အတော်များများမှာ ဩဂုတ် ၂၆ အထိ မိုးဆက်ရွာနိုင်ခြေရှိပြီး ကွမ်ရှီ၊ ကွမ်တုန်း၊ ဟိုင်နန်နဲ့ ဖူကျန်ဘက်တွေမှာ မိုးသည်းထန်စွာ ရွာဦးမယ်လို့ CCTV က ဆိုပါတယ်။

ဒီအတောအတွင်း ဟိုင်နန်က Wenchang အာကာသစခန်းကနေ ဩဂုတ် ၂၄ အစောပိုင်းမှာ လွှတ်တင်ဖို့ ပြင်ထားတဲ့ တရုတ်ရဲ့ လူမပါတဲ့ ‘ချန်အယ်-၇’ လကမ္ဘာမစ်ရှင်ကိုလည်း တရုတ်က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီမစ်ရှင်မှာ ပါဝင်တဲ့ ထိုင်း အမျိုးသား နက္ခတ္တဗေဒ သုတေသနအဖွဲ့ကတော့ အခုလို ရက်ရွှေ့လိုက်တာဟာ မုန်တိုင်းကြောင့်လို့ ပြောထားပါတယ်။

တရုတ် အာကာသ အေဂျင်စီဘက်ကတော့ ဒီလို ရက်ရွှေ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ လတ်တလော ထုတ်ပြန်လာတာ မရှိသေးပါဘူး။

Ref – Reuters

#တရုတ် #တောင်ပိုင်း #ရေကြီး #တိုင်ဖွန်းမုန်တိုင်း
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း