
“ရေဘေးကတော့ တော်တော်အခြေအနေဆိုးတဲ့အနေအထားဖြစ်နေပြီ။ ပြန်လည်ထူထောင်ရေးဆိုတာက စဉ်းစား လို့တောင် မရသေးဘူး။ အခုလောလောဆယ်မှာ အကူအညီလိုလာတယ်။ အလှူရှင်တွေလာဖို့လည်း ခက်သွားတဲ့ အခြေအနေဖြစ်သွားပြီ”
၁၈၊ ဩဂုတ်။
လေးမျက်နှာမြို့နဲ့ ၈ မိုင်ကျော်သာ ဝေးတဲ့ တလုတ္ထော်မြို့နားထိ ရေရောက်လာနေပြီး လေးမျက်နှာနဲ့ တလုထ္ထော်အကြားက လဟာပရွာမှာ မနေ့ကညပိုင်းမှာ ရေထဲပိတ်မိပြီး သေဆုံးသူတဦးရှိခဲ့ပြီး လူ ၁၅၀ ဝန်းကျင်ကိုလည်း ကူညီရေးအဖွဲ့တွေက အရေးပေါ် ကယ်ထုတ်ခဲ့ရပါတယ်။
“ရေက တက်ဆို အရမ်းမြန်မြန်တက်လာတာ။ ဒီနေ့မနက်ပိုင်းဆိုရင် တလုတ္ထော် မြို့နား သင်္ဃန်းတောကားလမ်းထိ ရေကျော်နေပြီ။ ရေတက်တာ အရမ်းမြန်တယ်။ ဒီအတိုင်းဆို တလုတ္ထော်လည်း ရွှေ့ရမယ့်အခြေအနေမှာရှိတယ်” လို့ ဟင်္သာတမြို့နယ်မှ ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။
လေးမျက်နှာရေဘေးကြောင့် မနေ့က လဟာပရွာသားတဦးအပါအဝင် နေအိမ်တွေရေနစ်မြုပ်ကာ သေဆုံးသူ ၃ ဦး ထိရှိခဲ့ပြီဖြစ်ပါတယ်။ တာကျိုးစမှာ ငဝန်မြစ်ရေဟာ မြစ်ကျိုးအင်းထဲကတဆင့် အနိမ့်ပိုင်း ဧရိယာတွေဖြစ်တဲ့ အိုင်သပြုဘက်ကို စီးဆင်းခဲ့ပေမယ့် အခုအချိန်မှာတော့ လေးမျက်နှာမြို့ရဲ့ အရှေ့ဘက်နဲ့ ၊ အရှေ့မြောက်ဘက်ပိုင်းတွေအထိ ရေမျက်နှာပြင် ဆက်လက်ကျယ်ပြန့်နေတာ ဖြစ်ပါတယ်။
“တလုတ္ထော်မှာက လယ်ကွင်းတွေထိ ရေရောက်နေပြီ။ မြို့ထဲလမ်းမတွေကိုတော့ မရောက်သေးဘူး။ လဟာပမှာလည်း လူတွေ ကျန်သေးတယ်။ စက်လှေနဲ့ ထုတ်နေကြတယ်။ ကူညီရေးအဖွဲ့တွေအတွက် စက်နဲ့ လှေ လိုနေပါတယ်” လို့မြေပြင်မှာ ကူညီပေးနေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ရက် မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနား ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေနေခဲ့တဲ့ ငသိုင်းချောင်းဒေသခံရေဘေးကူညီသူလူငယ်တဦး ရေစီးနဲ့မျောပါ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၃ ရက်နေ့ကလည်း လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေကြီးနစ်မြုပ်နေတဲ့အိမ် တအိမ်ရဲ့အောက်ထပ်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ရုပ်အလောင်းတခု ကူညီရေးအဖွဲ့တွေ ရှာတွေ့ခဲ့ကြပါတယ်။
ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းကလည်း ရေးဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေးကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် လေးမျက်နှာအနီးဝန်းကျင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ငသိုင်းချောင်းမြို့နယ်တို့မှာ ရေကြီးနေတာဖြစ်ပြီး တာကျိုးသွားခဲ့တာ ၁၉ ရက်ကြာတဲ့ထိ တာပေါက်မ ပိတ်နိုင်သေးသလို ရေဟာလည်း ဆက်လက်မြင့်တက်နေတာပါ။
လက်ရှိမှာ အိုင်သပြုရွာအတွင်း ရေဆက်တက်နေပြီး ရေးဘေးရှောင်စခန်းအချို့ပါ ရွေ့ပြောင်းနေရကာ ဟင်္သာတ ဘက်မှ အိုင်သပြုသို့ လာမယ်ဆိုရင်လည်း ကားတဆင့်၊ စက်လှေတဆင့်နဲ့ အဆင့်ဆင့်သွားလာနေကြရတယ်လို့ ဒေ သခံကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
“ရေဘေးကတော့ တော်တော်အခြေအနေဆိုးတဲ့အနေအထားဖြစ်နေပြီ။ ပြန်လည်ထူထောင်ရေးဆိုတာက စဉ်းစား လို့တောင် မရသေးဘူး။ အခုလောလောဆယ်မှာ အကူအညီလိုလာတယ်။ အလှူရှင်တွေလာဖို့လည်း ခက်သွားတဲ့ အခြေအနေဖြစ်သွားပြီ” လို့ အိုင်သပြုမှာ ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။
လေးမျက်နှာအပြင် ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်းမြို့ပေါ်တို့မှာလည်း ရေဆက်တက်နေပြီး မြို့ပေါ်ကလူတွေ ပါရွေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။ ငဝန်မြစ်ရေအပြင် ဧရာဝတီမြစ်ရေ၊ တိုးမြစ်ရေနဲ့ ဒါးကမြစ်ရေတို့ဟာ လည်း စိုးရိမ်ရေမှတ်ထိ ကျော်လွန်နေပြီး ဟင်္သာတ၊ မြန်အောင်၊ ဇလွန်၊ ကျောင်းကုန်း၊ မအူပင်စတဲ့ မြို့နယ်တွေမှာ လည်း ရေတက်နေပြီဖြစ်ပါတယ်။
မြစ်ရေတက်နေတဲ့အပြင် ဧရာဝတီမြစ်ကမ်းတလျှောက် မြစ်ကမ်းပါးပြိုတာတွေကြောင့် တာဘောင်ကျိုးကျနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပြီး ရေဆက်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ဇလွန်မြို့နယ်အတွင်းက ညောင်ပင်သာတာနဲ့ တမိုင်ဝန်းကျင်အကွာ ရေပေါက်ကြီးကျေးရွာမှာလည်း မြစ်ကမ်းပါး ပြိုကျလို့ လူနေအိမ် တ ဆယ်ကျော် အရေးပေါ်ရွေ့ပြောင်းထားရပါတယ်။
#လေးမျက်နှာမြို့ #တလုတ္ထော် #ရေဘေး #လူသေဆုံး
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်