မြောင်းမြမြို့ပေါ်မှာ စားအုန်းဆီ ဝယ်ယူရ ခက်ခဲနေ

“ကျွန်မတို့ ရပ်ကွက်အရောင်းဆိုင်တွေမှာ ခွဲတမ်းစားအုန်းဆီတွေ ဒီလကစပြီး မရောင်းပေးတော့ဘူး။ စားအုန်းဆီ ထုတ်တဲ့သူတွေ ဆီအပြည့်အဝရဖို့ဆိုပြီး စားသုံးသူရေးရာ ဦးစီးဌာနက ရပ်ကွက်ထဲ ဆင်းရောင်းမယ် ပြောတယ်။ ခွဲတမ်းဆီတော့ ထုတ်ယူသွားတာ တွေ့တယ် ။ဘယ်ရပ်ကွက်မှာ ရောင်းပေးတယ်တော့ အခုထိ မကြားမိသေးဘူး။

၁၈၊ ဩဂုတ်လ။

ဆီတရားဝင် ရောင်းချမယ့်နေ့ကို သတ်သတ်မှတ်မှတ် ကြေညာထားတာ မရှိတဲ့အတွက် ဧရာဝတီတိုင်း ၊ မြောင်းမြမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် နယ်ဘက်တွေမှာပါ စားအုန်းဆီ ဝယ်ရခက်နေပြီး ပြင်ပဈေးကွက်ကနေ ဆီငါးဆယ်သား တဗူးကို ကျပ်တသောင်းနဲ့ ပေးဝယ်နေရပါတယ်။

“အရင်က စားအုန်းဆီ လက်ကားအရောင်းဆိုင်မှာ သတ်မှတ်ရက်အလိုက် စားအုန်းဆီ သွားဝယ်ရတယ်။အခု အဲဒီဆိုင်တွေက မရောင်းတော့ဘူး။ ရပ်ကွက်ထဲမှာ စားသုံးသူဌာနက တိုက်ရိုက် လာရောင်းမယ် ပြောတယ်။ ဘယ်နေ့ ရောင်းမယ် ဘယ်နေရာရောင်းမယ် တိတိကျကျ မကြေညာတော့ ဆီဝယ်မရဘူး ဖြစ်နေတယ် ” လို့ မြောင်းမြုမြို့ ကံကော်မြိုင်ရပ်ကွက်နေ ဒေသခံတဦးက ဆိုပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနက ခွဲတမ်းစနစ်နဲ့ စားအုန်းဆီကို ဆယ်ရက် ငါးဆယ်သားနှုန်းနဲ့ တလကို သုံးကြိမ် စားသုံးဆီ ရောင်းချသူများအသင်းဝင် ကုန်စုံဆိုင်တွေကတဆင့် ပြည်သူတွေကို တိုက်ရိုက် ရောင်းချတဲ့ စနစ်ကို ဩဂုတ်လပထမပတ်က စတင်ခဲ့ပါတယ်။

အရင်က မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာတွေက ပြည်သူတွေရဲ့ ခွဲတမ်းဆီတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ကိုယ်စားထုတ်ယူကြပြီး ကျေးရွာရန်ပုံငွေလို့ဆိုပြီး ပြင်ပ ကုန်စုံဆိုင်တွေကို ရောင်းချကြတဲ့အတွက် တချို့ကျေးရွာတွေမှာ စားဆီပြတ်လပ်ပြီး အခက်အခဲ ရှိခဲ့ပါတယ်။

အဲဒါကြောင့် ဒေသခံတွေက တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့ပြီး အခုလို ကုန်စုံဆိုင်တွေကတဆင့် ရောင်းချပေးဖို့ ပြောင်းလဲစီစဉ်ခဲ့ကြပေမယ့် ဆီထုတ်တဲ့ရက်ကို တိတိကျကျ မသတ်မှတ်နိုင်သလို ဘယ်ဆိုင်တွေမှာ ဝယ်ယူရမယ်ဆိုတာကိုလည်း မစီစဉ်နိုင်တဲ့အတွက် ဩဂုတ်လဝက်ကျော်တဲ့တိုင်အောင် ဆီဝယ်မရသေးပဲ အခက်အခဲ ဖြစ်နေကြတာပါ။

“ကျွန်မတို့ ရပ်ကွက်အရောင်းဆိုင်တွေမှာ ခွဲတမ်းစားအုန်းဆီတွေ ဒီလကစပြီး မရောင်းပေးတော့ဘူး။ စားအုန်းဆီ ထုတ်တဲ့သူတွေ ဆီအပြည့်အဝရဖို့ဆိုပြီး စားသုံးသူရေးရာ ဦးစီးဌာနက ရပ်ကွက်ထဲ ဆင်းရောင်းမယ် ပြောတယ်။ ခွဲတမ်းဆီတော့ ထုတ်ယူသွားတာ တွေ့တယ် ။ဘယ်ရပ်ကွက်မှာ ရောင်းပေးတယ်တော့ အခုထိ မကြားမိသေးဘူး။ ရပ်ကွက်ထဲက လူတွေက ဆီဝယ်မရလို့ ဆိုင်မှာလာမေးတဲ့ သူများနေပြီ။ ကိုယ်တိုင်လည်း ဆီမရလို့မို့ ၅၀ သားကို တသောင်းထိ ဈေးတိုးလိုက်ရတယ် ” လို့ မြောင်းမြမြို့ စားအုန်းဆီလက်လီ အရောင်းဆိုင်ပိုင်ရှင်ကပြောသည်။

စားသုံးသူရေးရာဌာနက စားအုန်းဆီ ငါးဆယ်သားတဗူးကို ကျပ်လေးထောင်ဝန်းကျင်နဲ့ ရောင်းချပေးပြီး ပြင်ပ ကုန်စုံဆိုင်တွေမှာတော့ စားအုန်းဆီ ငါးဆယ်သားကို ကျပ် ၁၀,၀၀၀ ထိဈေးတက်လာတာ ဖြစ်ပါတယ်။

“ရပ်ကွက်ထဲမှာ အခြေခံလူတန်းစားက ပဲဆီ၊ နှမ်းဆီ ဝယ်မစားနိုင်ဘူး။ရောဂါရမှ ရရော စျေးသက်သာတဲ့ စားအုန်းဆီ ဝယ်စားရတယ်။ ခွဲတန်းစားအုန်းဆီ ထုတ်မယ်ဆိုတော့လည်း ရပ်ကွက်နဲ့ တမိုင်ကျော်က ဆီအရောင်းဆိုင်ကို ဆီသွားဝယ်ရတယ်။ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေ ဝန်ထမ်းတွေ ကုန်သည်တွေများတော့ ဆီဝယ်ဖို့ တန်းစီဖို့ အချိန်မပေးနိုင်ဘူး။နောက်တချက်က ဆီသွားဝယ်ရင် ဆိုင်ကယ်ဆီ အခက်အခဲတွေကြောင့် တဗူးထုတ်ပေးရင် မုန့်ဖိုးငါးရာလောက် ပေးထုတ်ခိုင်းတာ ပိုအဆင်ပြေတယ်။ အခု ရပ်ကွက်ထဲ လာရောင်းမယ်ပြောမှ ခွဲတမ်းဆီကို ဝယ်မရတာ ” လို့ မြောင်းမြ ဒေသခံတဦးက ရှင်းပြပါတယ်။

#ဧရာဝတီတိုင်း #မြောင်းမြ #စားအုန်းဆီ #ခက်ခဲ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ