
Fox သတင်းထောက် Trey Yingst ရဲ့ အဆိုအရ ထရမ့်က “အိုမန်သာ လာရှုပ်ရင်တော့ မှုန့်မှုန့်ညက်ညက် ကျေသွားအောင် ဗုံးကြဲပစ်မယ်” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
၁၈ ၊ ဩဂုတ်
အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အိုမန်နိုင်ငံအနေနဲ့ အီရန်နဲ့ အမေရိကန်အစိုးရကြား ဆွေးနွေးနေတဲ့ ကိစ္စမှာ ကြားဝင်နှောက်ယှက်ရင် ဗုံးကြဲပစ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ကြောင်း Fox News က သတင်းဖော်ပြပါတယ်။
ကမ္ဘာ့စီးပွားရေးအတွက် အရေးပါပြီး အမေရိကန်-အီရန် စစ်ပွဲကြောင့် ၆ လနီးပါးလောက် ပိတ်ထားရတဲ့ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ အမေရိကန်နဲ့ အိုမန်တို့ဟာ အီရန်နဲ့ သီးခြားစီ ဆွေးနွေးညှိနှိုင်းနေကြတာပါ။
ဖုန်းနဲ့ အင်တာဗျူးလုပ်စဉ်မှာ အမေရိကန်သမ္မတက ကြိမ်းမောင်းတဲ့ စကားလုံးတွေ သုံးပြီး အိုမန်ကို အခုလို ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း Fox သတင်းထောက်က ပြောပါတယ်။
အဲဒီနေ့ အစောပိုင်းတုန်းကတော့ အိုမန်နဲ့ သဘောတူညီချက် ရလုနီးပါးဖြစ်နေပြီလို့ အီရန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ တဖက်မှာတော့ နှစ်ဖက်ကြား သဘောတူထားတဲ့ ရက် ၆၀ နားလည်မှုစာချွန်လွှာ သက်တမ်း ကုန်တော့မှာဖြစ်လို့ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲတွေရဲ့ အနာဂတ်ဟာ ရေရေရာရာ မရှိသေးပါဘူး။
တနင်္လာနေ့က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေနဲ့ အင်တာဗျုးမှာ ဒီ စာချွန်လျှာကို သက်တမ်းတိုးဖို့ ကြိုးစားနေတာလားလို့ BBC သတင်းဌာနက မေးရာမှာ ထရမ့်က “မဟုတ်ဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ကတည်းက အီရန်ဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ပမာဏ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့တာပါ။ ဒါကြောင့် ဒီရေလက်ကြား ပြန်ဖွင့်ရေးဟာ အဓိက ဆွေးနွေးရမယ့် အချက် ဖြစ်လာခဲ့ပါတယ်။
အိုမန်ဟာ ဒီရေလက်ကြားရဲ့ တောင်ဘက်ခြမ်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒီပဋိပက္ခမှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ တိုက်ခိုက်မှု တချို့ကို ခံခဲ့ရဖူးသလို၊ အခုအခါမှာတော့ ဒီရေလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ အီရန်နဲ့ ညှိနှိုင်းရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။
ဝါရှင်တန်ကလည်း ရေလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။ Fox သတင်းထောက် Trey Yingst ရဲ့ အဆိုအရ ထရမ့်က “အိုမန်သာ လာရှုပ်ရင်တော့ မှုန့်မှုန့်ညက်ညက် ကျေသွားအောင် ဗုံးကြဲပစ်မယ်” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ သဘောတူညီချက် အစီအစဉ်တွေမှာ အိုမန်က ဘယ်လိုလုပ်ရင် “ဝင်ရှုပ်တာ” လို့ ထရမ့်က သတ်မှတ်ထားသလဲ ဆိုတာကတော့ ရေရေရာရာ မရှိသေးပါဘူး။
ဒီ Fox အင်တာဗျူးမှာပဲ ထရမ့်က အမေရိကန်အနေနဲ့ အီရန်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးမှာ အဓိက အင်အားရှိတဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နဲ့ တိုက်ရိုက် ဆက်သွယ်ထားတဲ့ လျှို့ဝှက် လမ်းကြောင်းရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ IRGC ပြောရေးဆိုခွင့်ရှိသူကတော့ ထရမ့်ရဲ့ ပြောကြားချက်ကို ငြင်းဆိုခဲ့ပါတယ်။
အီရန်ရဲ့ အနီးစပ်ဆုံး တာစနင်း (Tasnim) သတင်းဌာနကို ပြောရေးဆိုခွင့်ရှိသူက ပြောရာမှာ “IRGC တာဝန်ရှိသူတွေနဲ့ အမေရိကန်တွေကြား ဘာဆွေးနွေးမှုမှ မရှိပါဘူး။ ထရမ့်ရဲ့ ဒီမုသားဟာ စစ်ပွဲမှာ ရှုံးနိမ့်ပြီး အားကိုးရာမဲ့ဖြစ်နေလို့ ယောင်မှားပြီး အိပ်မက်ဆိုးတွေ မက်ရာကနေ ထွက်လာတဲ့ စိတ်ကူးယဉ်ချက်သက်သက်ပါပဲ” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
Ref – Reuters
#အမေရိကန် #အီရန် #အိုမန် #ထရမ့် #ခြိမ်းခြောက်
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်