ရန်ကုန်မြို့မှာ ကားမှန်ခွဲခံရတာတွေ ဆက်တိုက်ဖြစ်

လိူင်မြို့နယ်မှာ သြဂုတ် ၃ ရက်ညက လမ်းဘေးရပ်ထားတဲ့ တက္ကစီကားတစီး ဘေးမှန်အခွဲခံရသလို အဲဒီမြို့နယ်မှာပဲ ဇူလိုင်လကုန်ပိုင်းက အိမ်စီးကားတစီး အလားတူ ကြုံခဲ့တာရှိတယ်လို့ ​သိရပါတယ်

၅ ၊ ဩဂုတ်

အခုနောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကားအစိတ်အပိုင်းခိုးတာအပြင် ကားမှန်ခွဲပြီး အတွင်းထဲက တန်ဖိုးရှိပစ္စည်း မွှေနှောက်ရှာယူတာတွေ ရှိနေပါတယ်။ လမ်းဘေး ရပ်ထားတဲ့ ကား​တွေ မှန်ခွဲခံရတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ကားလောက အသိုင်းအဝိုင်းက ပြောပါတယ်။

“ကားဘေးမှန်ပါ ခွဲတဲ့အထိ အတင့်ရဲလာတာ။ ဆက်တိုက်ပဲ ကြားနေ၊ မြင်နေရတာ။ ကားထဲက တန်ဖိုးရှိပစ္စည်း မပါသွားရင်တောင် မှန်ဖိုးက အလကားဆုံးရှုံးရမှာ ” လို့ ကားဝယ်ရောင်းအကျိုးဆောင် လုပ်ငန်းလုပ်နေသူတဦးက ပြောပါတယ်။

အဲဒီလို ကားမှန်ခွဲခံရတာကို လှိုင်မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ ဆက်တိုက်ကြုံနေရတာဖြစ်ပြီး ကျူးလွန်တဲ့ သူတွေကို ဖမ်းမိတာ မကြားရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

လိူင်မြို့နယ်မှာ သြဂုတ် ၃ ရက်ညက လမ်းဘေးရပ်ထားတဲ့ တက္ကစီကားတစီး ဘေးမှန်အခွဲခံရသလို အဲဒီမြို့နယ်မှာပဲ ဇူလိုင်လကုန်ပိုင်းက အိမ်စီးကားတစီး အလားတူ ကြုံခဲ့တာရှိတယ်လို့ ​သိရပါတယ်။

အခုလို ကားမှန်ခွဲခံရတာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဝှီးတက်နဲ့ တန်ဖိုးရှိပစ္စည်းတွေ ကားထဲမထားခဲ့ကြဖို့ ကားလောကသားတွေက အကြံပြုနေကြတာလည်း ရှိပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေးညအိပ် ရပ်ထားတဲ့ကားတွေ လုံခြံမှုမရှိ အခြေအနေ ဆိုးဝါးစွာ ကြုံနေရတာဖြစ်ပြီး တချို့မှာ ကားတစီးနဲ့ အုပ်စုဖွဲ့ လိုက်ခိုးတာလို့ ကိုယ်တိုင်တွေ့မြင်ထားသူ တဦးက ပြောပါတယ်။

Photo – လူမူကွန်ရက်