ဂျပန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယား ဝေဖန်

“ဂျပန်ရဲ့ ဒီလိုအန္တရာယ်များတဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန် ရှိနေတာပါ”

၅ ၊ ဩဂုတ်

ဂျပန်နိုင်ငံက အမေရိကန်လုပ် Tomahawk ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်တာနဲ့ ပတ်သတ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ရှုတ်ချလိုက်ပါတယ်။

ဂျပန်ရဲ့ လုပ်ရပ်ကြောင့် ပြုံယမ်းအနေနဲ့ စစ်ရေးဆိုင်ရာ ရွေးချယ်မှုအသစ်ကိုတွေ ကျင့်သုံးသွားမယ်လို့ ဩဇာရှိတဲ့ ကင်ယိုဂျုံက ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့မှာ သတိပေးပြောလိုက်တာပါ။

နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ ကင်ယိုဂျုံက ဂျပန်ဟာ မကြာသေးခင်က ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ  Tomahawk ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မေလက ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကင်ယိုဂျုံဟာ ဂျပန်ကို နောင်တရအောင် လုပ်မယ်လို့ ပြောခဲ့ပြီး ဒါဟာ အခုလပိုင်းအတွင်း တိုကျိုအစိုးရနဲ့ ပတ်သတ်လို့ အပြင်းထန်ဆုံး မှတ်ချက်ထဲက တခုလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ Tomahawk ဒုံးကျည်တွေ ထောက်ပံ့တာအပြင် အဆိုပါစစ်ဆင်ရေးအတွက် နောက်ကနေ ကူညီနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

“ဂျပန်ရဲ့ ဒီလိုအန္တရာယ်များတဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန် ရှိနေတာပါ”

မြောက်ကိုရီးယား အာဏာရပါတီရဲ့  မှတ်တမ်းထိန်းသိမ်းရေးဌာနကို ဦးဆောင်နေသူ ကင်ယိုဂျုံက ဂျပန်အနေနဲ့ တာဝေးပစ်တိုက်ခိုက်နိုင်စွမ်းရည် ပိုင်ဆိုင်လာတာကြောင့် မြောက်ကိုရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဂျပန်ရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ လက်နက်တီထွင်ဆန်းသစ်မှုတွေ မှန်ကန်ကြောင်းပြသဖို့ ဂျပန်ရဲ့ စစ်ဘက်ဆိုင်ရာ တိုးတက်မှုတွေကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေတယ်လို့ သုံးသပ်ကြပါတယ်။