
စစ်တပ်ရဲ့ ပွိုင့်(၂၈၈)၊ ပွိုင့်(၁၈၈)နဲ့ ပွိုင့် (၁၄၈) စခန်းကုန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ပွိုင့်(၂၂၇)ရဲ့ ကာကင်းနှစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့ကာ ဇူလိုင်လလယ်ပိုင်းကလည်း နောက် ထပ်ကာကင်းစခန်းငယ်နှစ်ခု ထပ်သိမ်းခဲ့ပါသေးတယ်။
၂၁၊ ဇူလိုင်။
အာရက္ခတပ်တော်(AA)နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ် အတွင်းက တပ်စခန်းတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
“ပွိုင့် ၂၂၇ ဘက်ကို စစ်ကြောင်းထပ်ထိုးလာတာ၊ လေယာဉ်နဲ့ရော ကြည်းကြောင်းကပါ စစ်ကြောင်းထိုးနေတော့ တိုက်ပွဲတော်တော်ပြင်းနေတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ပြန်ဆုတ်ပေးရတဲ့အနေအထားတော့ မဟုတ်ဘူး။ ပွဲပြင်းနေတာပဲရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် ကိုဦးဆန်းက ပြောပါတယ်။
AA နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ဟာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်းတို့မှာ ရေကြည်မြို့နယ်အတွင်းက ပွိုင့် ၂၂၇ စခန်းကုန်းအပါအဝင် တပ်စခန်း ခြောက်ခုထက်မနည်းကို သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်တပ်အလောင်းဆယ်ချီနဲ့ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း ရာဂဏန်းထိ သိမ်းဆည်းရမိခဲ့တာပါ။
“အင်အား တရာမကဘူး ဒီလထဲ ရေကြည်မှာ စစ်တပ်ဘက်က ပြုတ်သွားတာ။ အဲဒါကို ထပ်ပြီး စစ်ကြောင်းထိုးနေတော့ ထပ်ပြီးနာမှာပဲ၊ AA ကလည်း သေချာပြင်ဆင်ပြီးမှ ဒီလိုစခန်းကြီးတွေကို တက်သိမ်းတာလေ။ မသေချာရင် ဘယ်လုပ်မလဲ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ရေကြည်ဒေသခံနောက်တဦးက ပြောပါတယ်။
စစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာတွေကို အင်အားဖြည့်၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို အခုလက်လွှတ်ထားရတဲ့ တပ်စခန်းတွေရဲ့ နောက်ခံတပ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ ကိုလည်း အင်အားရာဂဏန်း ဖြည့်တင်းထားကာ ခံစစ်အခိုင်အမာ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီတပတ်လောက်မှာ အင်အားဖြည့်ထားတာ သုံးရာလောက်ရှိမယ်။ ၃၄၄ က အကြီးပိုင်းတွေဆိုရင် အပေါ်က ဆောင့်တာခံရလို့ တော်တော်ခေါင်းခဲနေကြတယ် ကြားတယ်။ မြောင်းတွေ တထပ် ၊ နှစ်ထပ် တူးနေကြတယ်” လို့ အမတ ၃၄၄ အနီးနေထိုင်သူတဦးက ပြောပါတယ်။
AA နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်၊ ၁၉ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ရေကြည်မြို့နယ် အတွင်းရှိ စစ်တပ်ရဲ့ ပွိုင့်(၂၈၈)၊ ပွိုင့်(၁၈၈)နဲ့ ပွိုင့် (၁၄၈) စခန်းကုန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ပွိုင့်(၂၂၇)ရဲ့ ကာကင်းနှစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့ကာ ဇူလိုင်လလယ်ပိုင်းကလည်း နောက် ထပ်ကာကင်းစခန်းငယ်နှစ်ခု ထပ်သိမ်းခဲ့ပါသေးတယ်။
စစ်တပ်ဟာ ရေကြည်မြို့နယ်အတွင်း ရိုးမတောင်ခြေက တပ်စခန်းငါးခုထက်မနည်း လက်လွှတ်ထားရသလို အမတ ၃၄၄ အနီး ဝန်းကျင်က တပ်စခန်းတွေလည်း ဆက်တိုက် လက်လွှတ်နေရပါတယ်။
အဲဒီလို ပွိုင့်ကုန်းနဲ့ ကာကင်းစခန်းတွေ တခုပြီးတခု သိမ်းပိုက်ခံရပြီးတဲ့နောက် ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ မြို့နယ်တို့အတွင်းရှိ အခြေစိုက်တပ်ရင်းတွေနဲ့ တပ်စခန်းတွေဆီ အင်အားရာချီ ဖြည့်တင်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ရိုးမတောင်ခြေ ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်း စစ်မျက်နှာအတွင်း တပ်စခန်းတွေ လက်လွှတ်ရပြီး အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သားလူနေကျေးရွာတွေအနီးမှာ စစ်စခန်းတွေ တိုးချနေပြီး ရွာသားတွေကို အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ ရိက္ခာဖြတ်တောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
စစ်တပ်ဟာ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်တို့ကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဘက်ဆီ စစ်ကြောင်းထိုးဖို့၊ လက် လွှတ်ထားရတဲ့နေရာတွေ ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ဘဲ စခန်းတွေ ထပ်မံသိမ်းပိုက်ခံရကာ တပ်ပြန်ဆုတ်နေကြရတာဖြစ်ပါတယ်။