ညောင်ခါးရှည်ဂိတ်မှာ ဖမ်းမိထားတဲ့ ပစ္စည်းတွေကို ဈေးပြိုင်လေလံတင်မယ်

လေလံတင် ရောင်းချမယ့် ပစ္စည်းတွေက  Use Phone ၊Use Copier ၊ယာဉ် ၊စက်အပိုပစ္စည်း၊ကားတာယာ ၊Bettery ၊စားသောက်ကုန်နဲ့ လူသုံးကုန်တွေဖြစ်ပြီး စဘော်ငွေ ပေးသွင်းထားသူတွေ အနေနဲ့ ရောင်းချမယ့်  ပစ္စည်းတွေကို ဇူလိူင်၁၆ ရက်အထိ စစ်ဆေးရေးစခန်းမှာ လာကြည့်နိုင်တယ်လို့ အကောက်ခွန်ဦးစီးဌာနက အသိပေး ထားပါတယ်။

၁၆၊ဇူလိုင်

ပဲခူးတိုင်း ၊ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်က ဖမ်းမိသိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို ဇူလိုင်လ ၁၇ ရက်နေ့ မနက်ဖြန်မှာ ဝေါမြို့မှာရှိတဲ့ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်မှာပဲ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့် လေလံတင်ရောင်းချမဲ့ ကုန်ပစ္စည်းတွေမှာ ဖမ်းမိသိမ်းဆည်းထားတဲ့ အရေအတွက်ထက် နည်းလွန်းတယ်ဆိုပြီး ကုန်သည်တွေအကြားမှာ ဝေဖန်မူတွေ ထွက်နေပါတယ်။

“အကြိုက်ယူပြီး လက်ကျန်လောက်ဟာကို လေလံတင် အရောင်းပြတာပဲနေမှာ။ အဲဒီဂိတ်လောက် ဖမ်းတာ၊အဲဒီဂိတ်ပဲ။ ပုံမှန်သွားလာနေသူတွေဆို သိတယ် ” လို့ ကုန်တင်သွင်းသူတဦးက  ပြောပါတယ်။

အဲဒီ လေလံတင် ရောင်းမယ့် ပစ္စည်းတွေကို ပဲခူးတိုင်းဝန်ကြီးချုပ် သွားစစ်ဆေးတဲ့ ပုံတွေထွက်လာပြီး နောက်မှာ ထောက်ပြ ဝေဖန်မူတွေ ရှိလာတာလည်း  ဖြစ်ပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ဟာ မှောင်ခိုပစ္စည်း သယ်ဆောင်တာများတဲ့ ပဲခူး-မြဝတီလမ်းပိုင်းမှာ အစစ်ဆေး အဖမ်းအဆီးကြမ်းတဲ့ ဂိတ်ဆိုပြီး နာမည်ကြီးကာ လေလံတင် ရောင်းချမယ့် ပစ္စည်းတွေကို ကနဦး မြင်တွေ့ရတဲ့ ပုံတွေအရ ဖမ်းမိတာရဲ့ အစွန်အဖြားလောက်ပဲ ရှိမယ်လို့ ကုန်ပစ္စည်း တင်သွင်းနေသူတွေက ပြောပါတယ်။

လေလံတင် ရောင်းချမယ့် ပစ္စည်းတွေက  Use Phone ၊Use Copier ၊ယာဉ် ၊စက်အပိုပစ္စည်း၊ကားတာယာ ၊Bettery ၊စားသောက်ကုန်နဲ့ လူသုံးကုန်တွေဖြစ်ပြီး စဘော်ငွေ ပေးသွင်းထားသူတွေ အနေနဲ့ ရောင်းချမယ့်  ပစ္စည်းတွေကို ဇူလိူင်၁၆ ရက်အထိ စစ်ဆေးရေးစခန်းမှာ လာကြည့်နိုင်တယ်လို့ အကောက်ခွန်ဦးစီးဌာနက အသိပေး ထားပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ အဖမ်း ဆီးကြမ်းသလို အကျင့်ပျက်ခြစားမှုလည်း ဆိုးဝါးစွာ ရှိနေတယ်လို့ အဲဒီလမ်းပိုင်းအသုံး ပြုသွားလာနေတဲ့ ကုန်သည်တွေက ပြောပါတယ်။

“ပိုင်တဲ့သူနဲ့ ချိတ်ပြီး လိုင်းကြေးများများ ပေးနိုင်ရင်  တရားမဝင်ပါဘူးဆိုတဲ့ ကုန်တွေ တွဲကားနဲ့တောင် အသာလေး ဖြတ်လို့ရတယ် ” လို့ ကုန်သည်တဦးက ပြောပါတယ်။

အခုနောက်ပိုင်းမှာ ညောင်ခါးရှည်ဂိတ်မှာ ဖမ်းဆီးငွေညှစ်တာတွေ များနေတဲ့အတွက် ယာဥ်မောင်းအချို့က ဂိတ်ကိုမဖြတ်ပဲ ရွာချင်းဆက်လမ်းတွေကနေ ရှောင်မောင်းနေသလို စစ်ဆေးတဲ့အဖွဲ့တွေက ရှောင်မောင်းသွားလာတတ်တဲ့ နေရာတွေအထိ ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်လာနေပါတယ်။