ကျေးရွာပေါင်း သုံးဆယ်ကျော်က ကလေးငယ်တွေ ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ

“အရင်ကတော့ အုပ်စုအလိုက် သူနာပြုဆရာမတွေက သွားထိုးပေးတယ်။ အခု မသွားတော့ဘူး။ တချို့အုပ်စုက သူနာပြုတွေကိုရင် မြို့ပေါ်ဆေးရုံကိုတောင် ခေါ်ထားတယ်”

၁၆၊ ဇူလိုင်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်အတွင်းက ကျေးရွာသုံးဆယ်နီးပါးက အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မဖြစ်မနေ ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးကြရပဲ ရှိနေပါတယ်။

“အရင် ကျောင်းတွေ ပိတ်ထားတဲ့ ရွာတွေဆိုရင် ကာကွယ်ဆေးလည်း မထိုးရဘူး။ ရွာတွေ တော်တော်များမယ်၊ အရေအတွက်တွေတော့ အတိအကျမပြောနိုင်ဘူး။ ရိုးပေါ်က ရွာတွေဆိုလည်း ကာကွယ်ဆေးမထိုးရဘူး။ ကျောင်း လည်း မတက်ကြရဘူး” လို့ ရေကြည်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေဟာ သတ်မှတ် အသက်အရွယ်တွေအတွင်း ပြင်းထန် အဆုပ်ရောင်ရောဂါ၊ ပိုလီယိုရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ အသားဝါ၊ ဦးနှောက်အမြှေးပါး ရောင်ရောဂါ၊ တီဘီရောဂါ စတဲ့ကာကွယ်ဆေးတွေ ထိုးရမှာပြီး အဲဒီအချိန်အတွင်း မထိုးခဲ့ရရင် ကုသလို့မရတဲ့ ရောဂါတွေဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေဟာလည်း ကိုယ်ဝန်ဆောင် ကာလအတွင်း မေးခိုင်ကာကွယ်ဆေးနဲ့ ဆုံဆို့ကာကွယ် ဆေးတို့ ထိုးနှံကြရပါတယ်။ ဒါပေမယ့် အခုလို ငြိမ်သက်မှု မရှိတဲ့ ဧရိယာတွေမှာ အခုလို ကာကွယ်ဆေးတွေကို ဘယ်သူတွေက တာဝန်ယူပြီး ထိုးပေးမယ်ဆိုတာက မေးခွန်းထုတ်စရာ ရှိလာနေပါတယ်။

“အရင်ကတော့ အုပ်စုအလိုက် သူနာပြုဆရာမတွေက သွားထိုးပေးတယ်။ အခု မသွားတော့ဘူး။ တချို့အုပ်စုက သူနာပြုတွေကိုရင် မြို့ပေါ်ဆေးရုံကိုတောင် ခေါ်ထားတယ်” လို့ လေးမျက်နှာမြို့နယ်မှ အမျိုးသမီးတဦးက ပြောပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကာကွယ်ဆေးတွေ ပုံမှန် မထိုးခဲ့ကြရတော့တာဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်လာပြီးနောက်မှာတော့ ကာကွယ်ဆေးထိုးနှံခွင့် ပိုပြီးတော့တောင် ဆုံးရှုံးသွားခဲ့ကြတာပါ။

“ကိုဗစ်ကာလတုန်းကလည်း ကလေးတွေ ကာကွယ်ဆေးမထိုးခဲ့ရဘူး။ အဲတုန်းက တိုက်ပွဲတွေလည်း မရှိဘူး။ အခု ဆိုတော့ ပိုဆိုးသွားတာပေ့ါ။ စေတနာမရှိလို့ မလုပ်ပေးတာပါတယ်။ ထိုးချင်ရင် ဒီဘက်က ရွာတွေကို ထိုးပေးလို့ရ တယ်” လို့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီး နေထိုင်သူတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ရှိနေတဲ့ရွာတွေအပြင် တိုက်ပွဲမရှိတော့တဲ့ ရွာအချို့ကိုလည်း ကျန်းမာ ရေးဌာနက ကာကွယ်ဆေး လာထိုးပေးခြင်း မရှိတော့ပါဘူး။

ကလေးတွေအနေနဲ့ သတ်မှတ်ကာလအတွင်း ကာကွယ်ဆေးတွေမထိုးခဲ့ရရင် အသက်ကြီးလာတဲ့အခါ ကုသလို့မရ တဲ့ ရောဂါတွေဖြစ်လာနိုင်တာကြောင့် ကာကွယ်ဆေးထိုးနှံမှုဟာ အလွန်အရေးကြီးတယ်လို့ ရန်ကုန်မြို့မှာ နေထိုင် တဲ့ အထွေထွေရောဂါအထူးကု ဆရာဝန်တဦးက ပြောပါတယ်။

“ကလေးဘ၀ ရက်တထောင်ဆိုတာ ရှိတယ်။ အဲဒီကာလအတွင်း အာဟာရပြည်ဖို့ လိုတယ်။ နောက်ပြီးတော့ ကာကွယ်ဆေးတွေ အပြည့်အ၀ထိုးရဖို့ လိုတယ်။ ဒါမှလည်း ကလေးဘ၀ တလျှောက်လုံး ကျန်းမာ၊ ဖွံ့ဖြိုးမှာ။ ကလေးတွေရဲ့ အနာဂတ်အတွက် ကာကွယ်ဆေးက အလွန်အရေးကြီးတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရိုးမတောင်ခြေတလျှောက် ရေကြည်၊ သာပေါင်းအစပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပုသိမ် – မုံရွာလမ်းမတလျှောက်ရှိ ကျေးရွာအချို့မှာ တိုက်ပွဲတွေ မကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။