တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် တရုတ်မှာ လူပေါင်း နှစ်သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

 

အဆိုပါ မုန်တိုင်းဟာ အခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသမှာ သက်တမ်းအကြာရှည်ဆုံး အပူပိုင်းမုန်တိုင်း ဖြစ်လာခဲ့ပါတယ်။

၁၄ ၊ ဇူလိုင်

အခုနှစ်အတွင်း တရုတ်ပြည်မကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအကောင်းဆုံး မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် ဆိုးဆိုးရွားရွားရေကြီးနေပြီး အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်မှာ လူဦးရေ ၂ သိန်း ၆ သောင်းကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ကြရပါတယ်။

မုန်တိုင်း ဘာဗီကြောင့် တချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ဒီနေ့ ဇူလိုင်လ ၁၄ရက်နေ့တရက်လုံး မိုးဆက်လက် ရွာသွန်းနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာ စာသင်ကျောင်းတွေနဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ အားလုံးကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားပြီး ရှန်ယန်နဲ့ ကျီလင်အပါအဝင် အရှေ့မြောက်ပိုင်း မြို့ကြီးတွေမှာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အကြီးအကျယ် ပြတ်တောက်နေပါတယ်။

ပြင်သစ်နိုင်ငံ အရွယ်အစားခန့်ရှိတဲ့ မုန်တိုင်း ဘာဗီဟာ လွန်ခဲ့သော နှစ်ပတ်လောက်က ပစိဖိတ်သမုဒ္ဒရာထဲမှာ စတင်ဖြစ်ပေါ်ခဲ့တာပါ။ အဆိုပါ မုန်တိုင်းဟာ ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်းကို ကုန်းတွင်းပိုင်းဝင်ရောက်ခဲ့ပြီးဖြစ်ပေမယ့် အရှိန်မပျက်ပြယ်သေးပါဘူး။

ဒါ့ကြောင့် အခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသမှာ သက်တမ်းအကြာရှည်ဆုံး အပူပိုင်းမုန်တိုင်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ မုန်တိုင်းဟာ မုန်တိုင်းဗဟိုချက်မှာရှိတဲ့ လေနွေးတွေကြောင့် အခုလို ကြာကြာတည်ရှိနေတာဖြစ်တယ်လို့  တရုတ်မိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Ref – Reuters