ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားလှေမှောက်လို့ လူဆယ့်ငါးဦး သေဆုံး

သေဆုံးသူ ၁၅ ဦးဟာ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေဖြစ်ပြီး  အဆိုပါမတော်တဆမှုအတွင်း ၂၁ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

၁၁ ၊ ဇူလိုင်

ဗီယက်နမ်နိုင်ငံတောင်ပိုင်း Phu Quoc ကျွန်းမှာ စနေနေ့ ၊ ဇူလိုင် ၁၁ ရက်နေ့က ကမ္ဘာလှည့်ခရီးသွားလှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး အိန္ဒိယခရီးသွား ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေရဲ့  ပြောကြားချက်ကို ကိုးကားပြီး VnExpress သတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါ မတော်တဆမှုအတွင်း လူ ၂၁ ဦး အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။ လှေပေါ်မှာ  အိန္ဒိယခရီးသွား ၃၂ ဦး၊ လှေအဖွဲ့သား ၃ ဦးနဲ့ ဧည့်ကြိုဝန်ထမ်း ၁ ဦး အပါအဝင် စုစုပေါင်း လူ ၃၆ ဦး လိုက်ပါလာခဲ့တာပါ။

ဗီယက်နမ်နိုင်ငံရှိ အိန္ဒိယသံရုံးက အခုဖြစ်စဉ်ကို စောင့်ကြည့်နေပြီး ထိခိုက်ခံစားရတဲ့ မိသားစုဝင်တွေကို  ကူညီပေးဖို့ ဟိုချီမင်းစီးတီးနဲ့ ဟနွိုင်းမြို့တို့မှာ အရေးပေါ်တုံ့ပြန်ရေးစင်တာတွေကို ဖွင့်ထားတယ်လို့ ပြောပါတယ်။

သံရုံးရဲ့ ထုတ်ပြန်ချက်မှာ “ဒေသခံအာဏာပိုင်တွေရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ ဖြစ်စဉ်ရဲ့ အသေးစိတ်အချက်အလက် အတိအကျကိုတော့ အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

အဆိုပါလှေဟာ Hon May Rut ကျွန်းကနေ An Thoi ဆိပ်ကမ်းကို မောင်းနှင်လာချိန် ပင်လယ်ပြင်အတွင်း မီတာ ၄၀၀ ခန့်အကွာမှာ တိမ်းမှောက်သွားခဲ့တာလို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး  VnExpress က ဖော်ပြပါတယ်။

လှေတိမ်းမှောက်ချိန် အဆိုပါပင်လယ်ပြင်မှာ လှိုင်းလေပြင်းထန်နေပြီး လှိုင်းကြီးတွေလည်း ရိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့  Phu Quoc ကျွန်းဟာ ရေပန်းစားတဲ့ ကမ္ဘာလှည့်ခရီးသွားဧရိယာတခု ဖြစ်လာခဲ့ပြီး မကြာသေးခင်နှစ်တွေမှာ အိန္ဒိယခရီးသွား အများအပြားကို ဆွဲဆောင်နိုင်တဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။

Ref – Reuters