ရန်ကုန်မှာ YBS ခရီးသည် သုံးပုံတပုံ ခါးပိုက်နှိုက် ခံနေရ

YBS ကားတွေပေါ်မှာ ဖြစ်ခဲ့တဲ့ ခါးပိုက်နှိုက် ဖြစ်စဥ်တွေရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးကို တစုံတရာ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဒီစစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

၉၊ဇူလိုင်

Peace Myanmar အဖွဲ့က ရန်ကုန်တိုင်း  မြို့နယ်၂၈ မြို့နယ်အတွင်းက  ဘတ်စ်ကားမှတ်တိုင် ၁၄၀ က ခရီးသည် ၃၃၆၀ ကို  မေးမြန်းပြီး စစ်တမ်းကောက်ခဲ့ရာမှာ ခရီးသည် သုံးပုံတပုံ နီးပါးဟာ ခါးပိုက်နှိုက် ခံခဲ့ရဘူးတယ်လို့ ဖြေဆိုကြပါတယ် ။ ဒီစစ်တမ်းကို ဇွန်လ ၁၄ ကနေ ၁၈ရက်အထိ ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

‘“ခါးပိုက်နှိုက်ရန် အရမ်းဆိုးနေတာတော့ အမှန်ပဲ၊။ အခန့်မသင့်ရင် လူကိုပါ အန္တရာယ်ပြုတတ်သေးတာ။ လုံခြုံမှုစနစ်က အားရစရာကို မရှိဘူး “လို့ ကုမ္ပဏီဝန်ထမ်း ခရီးသည်တဦးက  ပြောပါတယ်။

YBS ကားတွေပေါ်မှာ ဖြစ်ခဲ့တဲ့ ခါးပိုက်နှိုက် ဖြစ်စဥ်တွေရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးကို တစုံတရာ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဒီစစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ Peace Myanmarအဖွဲ့က YBS ဘတ်စ်ကားစနစ် ၁၀ နှစ်တာ အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ကောက်ခဲ့တဲ့ စစ်တမ်းတွေ့ရှိချက်ကို ဇူလိုင် ၉ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်​တမ်းတွေ့ရှိချက်ထဲမှာ ခရီးသည်တွေ ခါးပိုက်နှိုက် အန္တရာယ်ကြုံရတာက အဆိုးရွားဆုံး အချက်ထဲမှာ  ပါနေခဲ့ပြီး လုံခြုံမှု ရရှိဖို့ လိုလားနေကြတာ တွေ့ရပါတယ်။ ခါးပိုက်နှိုက် ခံရဖူးတဲ့ ခရီးသည် ၂၉ ရာခိုင်နှူန်းရှိပြီး ဒီအထဲမှာ ခါးပိုက်နှိုက်ခံခဲ့ရတဲ့ ကျားမ အချိုးအစားမှာ အတူတူနီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ခါးပိုက်နှိုက် ခံရရင် ဘာဖြေရှင်းချက်မျိုးမှ မလုပ်ပေးဘူးလို့ မှတ်ချက်ပေးသူ ၆၉ ရာခိုင်နှုန်း ရှိပြီး ၊ ယာဉ်ပေါ်က ခရီးသည်တွေ ဝိုင်းဝန်ဖြေရှင်းပေးတာ ၁၁ ရာခိုင်နှုန်း ၊ ခါးပိုက်နှိုက်သူ ရှိတယ်ဆိုတာ တနည်းနည်းနဲ့ ခရီးသည်တွေကို ကြိုအသိပေးတာ ၁၀ ရာခိုင်နှုန်း နဲ့ ရဲစခန်းကို မောင်းပြီး ဖြေရှင်းတာ ၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်မြို့မှာ YBS ဘတ်စ်ကား စနစ်အသုံးပြုတာ ၁၀ နှစ်တာ ရှိလာပြီး ယာဉ်လိုင်း ၁၃၀ လောက်က ဘတ်စ်ကား စီးရေ ၃,၅၀၀ နီးပါးနဲ့ ပြေးဆွဲနေပြီး နေ့စဉ်စီးနင်းအသုံးပြုသူ ခရီးသည် ၁ ဒဿမ ၇ သန်းနီးပါး ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။