ဇွန်လအတွင်း စစ်တပ်က နိုင်ငံအနှံ့က လူငါးရာကျော် ဖမ်းဆီးခဲ့

“လူမသိသူမသိအဖမ်းခံရတဲ့သူတွေ ရှိ တယ်။ ပိုက်ဆံနဲ့လိုက်ရှင်းနိုင်တဲ့သူတွေကတော့ အဆင်ပြေတယ်။ ပြန်လွတ်ကြတယ်”

၉၊ ဇူလိုင်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စစ်တပ်က ဇွန်လထဲမှာတင် ပြည်သူ ၅၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်၊ပဲခူး နဲ့ ဧရာဝတီတိုင်း သုံးခုအတွင်းကနေ ၂၉ ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database(SRD)က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ ကျူးလွန် ခဲ့သော စစ်ရာဇဝတ်မှုမှတ်တမ်းများ” အစီရင်ခံစာမှာ  ဇွန်လ ၃ ရက်နေ့မှာ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ စာစီကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လို့ စွပ်စွဲကာ အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတော့ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့မှ ပြည်သူ ၁၇ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်မှုထမ်းပို့ခံရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်းက ဖမ်းဆီးခံရသူတွေထဲ မှာ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်၊ ဝေဘာဂီဘူတာမြို့ပတ်ရထားပေါ်မှ လေယာဉ်အတက်ကို ဓါတ်ပုံ ရိုက်ကူးတဲ့အတွက် ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းမှာတော့ ဖမ်းဆီးခံရသူ ၆ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ်သက်ကြီးအ မျိုးသမီးတဦး ပါဝင်ပါတယ်။

ဒါ့ဟာ SRD က အချက်အလက်အပြည့်အစုံနဲ့ ကောက်ယူရရှိတဲ့အရေအတွက်တွေဖြစ်ပြီး အချက်အလက် မပြည့်စုံ တဲ့ သတင်းရင်းမြစ်တွေကို ချန်လှပ်ထားခဲ့ရတာကြောင့် ဖမ်းဆီးခံရတဲ့စာရင်းမှာ လိုအပ်ချက်တွေ ရှိနေနိုင်တယ်လို့ SRD က ဆိုထားပါတယ်။

စစ်တပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက အရပ်သားတွေကို စစ်မှုထမ်းဖို့ အပါအဝင် အခြားသောအကြောင်းတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဇွန်လအတွင်း ဖမ်းဆီးခံရသူဟာ ဒီထက်များနိုင်တယ်လို့လည်း မှတ်ချက်ပေးသူတွေ ရှိနေပါတယ်။

“ရေကြည်မြို့နယ်တခုတည်းမှာတောင် တဆယ်နီးပါးရှိတယ်။ ဟိုတလောက ကြံခင်းဘက်မှာလည်း အဖမ်းခံရ တယ်ဆိုတော့ ဇွန်လထဲမှာ အဖမ်းခံရတာ မရှိရင်တောင် နှစ်ဆယ်လောက်က ရှိမယ်ထင်တယ်” လို့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မှ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ဒီလတွေအတွင်း  အဖမ်းအဆီးတွေ များနေတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။ ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့လူငယ်တဦးက “လူမသိသူမသိအဖမ်းခံရတဲ့သူတွေ ရှိ တယ်။ ပိုက်ဆံနဲ့လိုက်ရှင်းနိုင်တဲ့သူတွေကတော့ အဆင်ပြေတယ်။ ပြန်လွတ်ကြတယ်” လို့ ဆိုပါတယ်။

အခုစစ်တမ်းမှာ ကောက်ယူထားတဲ့  အချက်အလက်တွေဟာ စစ်တပ်အတွက် လစဥ်စစ်မှုထမ်းခေါ်ယူနေတဲ့ အရေအတွက် (၅,၀၀၀) ဦးအထဲက အချက်အလက်ပြည့်စုံတဲ့ မှတ်တမ်းတွေကိုပဲ ထုတ်ပြန်ရေးသားထားတာ ဖြစ်ပြီး အခုရရှိထားတဲ့ ဖမ်းဆီးခံရတဲ့ စာရင်းဟာ လစဥ်စစ်မှုထမ်းအတွက်  (၅,၀၀၀) ဦး အပြင် ထပ်တိုးဖမ်းဆီး ခံရသူတွေလည်း ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေဟာ နိုင်ငံအတွင်း လုံခြုံမှု မရှိတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေဆီ အရေးပေါ် တိမ်းရှောင်စဉ် ပြည်ပနိုင်ငံတွေမှာ ဖမ်းဆီးခံရတာ ၊မြန်မာနိုင်ငံကို ပြန်ပို့ခံရတာတွေလည်း ရှိနေတဲ့ အတွက် ပြည်ပနိုင်ငံတွေမှာပါ အဖမ်းမခံရအောင် ဂရုစိုက်ဖို့ လိုတယ်လို့ SRD  အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဧရာ၀တီနဲ့ ပဲခူးတိုင်းတွေမှာ  ပြီးခဲ့တဲ့ လပိုင်းအတွင်း ကျေးရွာအုပ်စု တခုက တလမှာ လူတယောက်နှုန်း ဝန်းကျင်သာ စစ်မှုထမ်းခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း တရွာတယောက်နှုန်းထိ တိုးခေါ်နေတာကြောင့် စစ်မှုထမ်းကြေးတွေလည်း တိုးပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။