ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနား တက်ခွင့်ပေးမယ်လို့ သတင်းထွက်နေ

“အာဇာနည်ကုန်းကို အရေးကြီးပုဂ္ဂိုလ် တက်ဖို့ရှိတယ် ဆိုတာတော့ သတင်းရတယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ဖြစ်နိုင်တယ်လို့ လူကြီးတွေက ခန့်မှန်းနေတာပဲ။

၉၊ဇူလိုင်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိူင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်၁၉ရက်(အာဇာနည်နေ့)မတိုင်ခင် ရန်ကုန်ကို ရွှေ့ပြောင်းနိူင်တယ်ဆိုပြီး ရန်ကုန်မြို့ရဲ့ ထွေအုပ်အသိုင်းဝိုင်းကြားမှာ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

“အာဇာနည်ကုန်းကို အရေးကြီးပုဂ္ဂိုလ် တက်ဖို့ရှိတယ် ဆိုတာတော့ သတင်းရတယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ဖြစ်နိုင်တယ်လို့ လူကြီးတွေက ခန့်မှန်းနေတာပဲ။ အတိအကျတော့ မသိရဘူး ” လို့ ရန်ကုန်တိုင်းအတွင်းက အမည်မဖေါ်လိုတဲ့ အသက် ၄၀ ဝန်းကျင် ထွေအုပ်အရာရှိတဦးက ပြောပါတယ်။

မတရား ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရချိန်ကစပြီး  လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိသေးကြောင်း​ သက်သေပြဖို့ တောင်းဆိုနေတာတွေကို စစ်အစိုးရဖက်က လစ်လျူရှု့ထားပေမဲ့ လာမဲ့အာဇာနည်နေ့မှာ လူလုံးထုတ်ပြနိုင်တယ်ဆိုပြီး အုပ်ချုပ်ရေးပိုင်းမှာ သတင်းထွက်နေတာပါ။

NLD ပါတီရဲ့ ရန်ကုန်တိုင်း ခေါင်းဆောင်တွေထဲက အမည်မဖေါ်လိုသူ တဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အမ ခြံအမှတ် ၅၄ မဟုတ်ပဲ စစ်အစိုးရရဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ တနေရာရာကို ရွှေ့လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ခြံထဲတော့ မရွှေ့လောက်ဘူး။ ခြံအမှတ် ၅၄မှာ ထူးခြားမှု မရှိဘူး။ ရန်ကုန်ကိုရွှေ့မယ်လို့တော့ သတင်းကြားတယ်။ ရွှေ့မယ်ဆိုရင်အာဇာနည်နေ့မတိုင်ခင်ဖြစ်မယ်ထင်တယ် ” လို့ ပြောပါတယ်။

ဒါပေမယ့် စစ်တပ်အနေနဲ့ အခုလို လာမယ့် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်အခမ်းအနားကို တက်ခွင့်ပေးပြီး အကန့်အသတ်တွေကြားက လူလုံးထွက်ခွင့်ပေးမယ်ဆိုတဲ့ သတင်းကိုတော့ ရန်ကုန်သံရုံး အသိုင်းကြားမှာ သတင်းတွေ ရှိမနေဘူးလို့ သံရုံးတရုံးမှာ အလုပ်လုပ်ကိုင်နေသူ တဦးက ပြောပါတယ်။

လက်ရှိမှာ အသက် ၈၁ နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို ပြည်သူတွေနဲ့ နိူင်ငံတကာက စိုးရိမ်နေကြပေမဲ့ ကျန်းမာရေးကောင်းသလို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမူတွေ လုပ်ပေးနေတယ်လို့ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ် ဦးဆောင်ပြီး Proof of Life လှုပ်ရှားမှုကို နိူင်ငံတကာမှာ ပြုလုပ်နေပြီး အဲဒီလှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကလည်း ပြောဆိုပါတယ်။

အီမန်နျူရယ်မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်အတွက် မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေနဲ့တွေ့ခွင့်၊ သင့်လျော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်တို့လို အခြေခံအခွင့် အရေးတွေကိုလေးစားရမယ်ဆိုပြီး ကင်မ်အဲရစ်ဆီပေးပို့တဲ့စာမှာပြောဆိုရေးသားထားတာဖြစ်ပါတယ်။