
“စပါးတွေဈေး တက်လာတယ်ဗျ။ ဒါပေမယ့် ဝယ်တဲ့သူကတော့ သိပ်အများကြီးမရှိဘူး။ ရှိတော့ ရှိနေတယ်။ ရက် ၉၀ တွေတောင် ၂၅ သိန်းလောက်ရတယ် ဒီဘက်မှာ။ ဒီစျေးနဲ့ ရောင်းရရင်တော့ လယ်သမားတွေ မရှုံးဘူး”
၉၊ ဇူလိုင်။
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုပမာဏ တိုးလာနေတဲ့အတွက် ပြည်တွင်းမှာ စပါးစျေးဟာ တင်းတရာကို ကျပ်သိန်းနှစ်ဆယ် ကျော်ကနေ ကျပ်သိန်းလေးဆယ် ဝန်းကျင်ထိ စျေးတက်နေလာပါတယ်။
“ပြည်ပက အဝယ်များတယ်။ ပြည်တွင်းမှာလည်း ဒိုင်တွေကနေ စပါးတွေလိုက်ဝယ်နေတာရှိတော့ စျေးတက်လာ တယ်။ စျေးအကျဘက် မရှိတော့ဘူး။ အတက်ပဲ ရှိနေတယ်။ မိုးစပါးပေါ်ချိန်လောက်ထိ စျေးက ဒီအတိုင်း တက်နေ အုံးမယ့်သဘော” လို့ ဟင်္သာတမြို့နယ်မှ စပါးအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။
ပြည်ပကို ဆန်နဲ့ ဆန်ခွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ၁၆၉,၀၀၀ ကျော်၊ မေလမှာ ၁၃၆,၀၀၀ ကျော်ရှိခဲ့ရာကနေ ဇွန် လမှာတော့ ၂၂၃,၀၀၀ ကျော်ထိ တိုးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ပြည်ပစပါး အဝယ်လိုက်နေချိန် လက်ရှိ ဧရာ၀တီတိုင်းအတွင်းမှာ အညာသား၊ ရက် ၉၀ စတဲ့ စပါးတွေဟာ တင်းတရာကို ကျပ် ၂၄ သိန်းကနေ ၂၆ သိန်းဝန်းကျင်ထိ စျေးရှိနေပြီး G11 ၊ ဆာဖိုးသာ စတဲ့စပါးတွေကတော့ တင်းတရာကို ကျပ်သိန်း ၂၀ ကနေ ၂၃ သိန်းဝန်းကျင်ထိ စျေးရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစပါးတွေဟာ အရင်က တင်းတရာကို ကျပ် ၁၅ သိန်းကနေ ၁၇ သိန်းဝန်းကျင်သာရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အရင်က ကျပ်သိန်း ၃၀ ကျော်သာရှိခဲ့တဲ့ ပေါ်ဆန်းမွှေး၊ ကျားပျံစတဲ့စပါးတွေဟာလည်း အခုအခါ ကျပ်သိန်း ၄၀ ကျော်ကနေ ၅၀ ဝန်းကျင်ထိ စျေးရှိနေတယ်လို့ ဒေသခံလယ်သမားတွေက ပြောကြပါတယ်။
“စပါးတွေဈေး တက်လာတယ်ဗျ။ ဒါပေမယ့် ဝယ်တဲ့သူကတော့ သိပ်အများကြီးမရှိဘူး။ ရှိတော့ ရှိနေတယ်။ ရက် ၉၀ တွေတောင် ၂၅ သိန်းလောက်ရတယ် ဒီဘက်မှာ။ ဒီစျေးနဲ့ ရောင်းရရင်တော့ လယ်သမားတွေ မရှုံးဘူး” လို့ ဇလွန်မြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
ဒါပေမယ့် အခုအခါ ဧရာ၀တီတိုင်းအတွင်းက တောင်သူအများစုလက်ထဲမှာ စပါးတွေ မရှိတော့ဘူးလို့ ဆိုကြပါ တယ်။ တောင်သူတွေမှာ ရောင်းမစွံမှာစိုးတာ၊ အကြွေးဆပ်ဖို့လိုအပ်တာတွေကြောင့် နွေရာသီကတည်းက ထုတ်ရောင်းခဲ့ကြပြီး စပါးတွေ လက်ထဲမရှိကြတော့ပါဘူး။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေးတက်တာ၊ လယ်ယာထွက်ကုန် စပါးစျေးမရတာ၊ ပိုးမွှားဖျက်ဆီးတာတို့ကြောင့် လယ်သမားအများစုဟာ အရှုံးနဲ့ ကြုံနေကြရပြီး လယ်ယာမြေတွေကို ရောင်းချ၊ ပေါင်နှံရတဲ့သူတွေလည်း များလာနေတယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ပြောထားကြပါတယ်။
အခုနှစ်မှာလည်း စက်သုံးဆီစျေးတက်နေတာ၊ အလွယ်တကူဝယ်မရတာ၊ ဓါတ်မြဩဇာနဲ့ အလုပ်သမားခ စျေး တက်တာစတဲ့အခြေအနေတွေကြောင့် လယ်ထွန်မယ့်သူတွေ ပိုနည်းလာတယ်လို့ ဆိုပါတယ်။
“လယ်သမားတွေအဖို့က တနှစ်ထက် တနှစ်မလွယ်ဘူး။ အခု ပုလဲတအိတ်ကိုတောင် သိန်းကျော်နေပြီ” လို့ ဖျာပုံမြို့နယ်က လယ်သူမ တဦးက ပြောပါတယ်။
ဧရာ၀တီတိုင်း အတွင်းမှာ အသားတင် စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်း နီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။