
နိုင်ငံကို သုံးဆယ့်ငါးနှစ်ကြာ အုပ်ချုပ်ခဲ့သူကို ဂါရဝပြုဖို့ လာမယ့် သုံးရက်အတွင်း တဟီရန်မြို့တမြို့တည်းမှာတင် ပါဝင်တက်ရောက်သူ ၁၅ သန်းကနေ သန်း ၂၀ ကြား ရှိလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အီရန်အာဏာပိုင်တွေက ဆိုပါတယ်။
၄ ၊ ဇူလိုင်
အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားတွေကို တရားဝင် စတင်ကျင်းပနေပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို လူပေါင်းထောင်ချီ တက်ရောက်ခဲ့ပြီး တဟီရန်ရဲ့ ရန်သူတွေဖြစ်တဲ့ အထူးသဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပူးတွဲလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ခါမေနီနဲ့ မိသားစုဝင်တချို့ကို လုပ်ကြံခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးကို အင်အားပြသဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
နိုင်ငံကို သုံးဆယ့်ငါးနှစ်ကြာ အုပ်ချုပ်ခဲ့သူကို ဂါရဝပြုဖို့ လာမယ့် သုံးရက်အတွင်း တဟီရန်မြို့တမြို့တည်းမှာတင် ပါဝင်တက်ရောက်သူ ၁၅ သန်းကနေ သန်း ၂၀ ကြား ရှိလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အီရန်အာဏာပိုင်တွေက ဆိုပါတယ်။
၁၉၈၉ ခုနှစ်ကစပြီး တဟီရန်ကို နံပါတ်တစ် ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲရဲ့ ပထမဆုံးနေ့မှာ လုပ်ကြံခံခဲ့ရတဲ့ အသက် ၈၆ နှစ်အရွယ် ခါမေနီကို ဂုဏ်ပြုဖို့ ခြောက်ရက်ကြာ ဈာပနအခမ်းအနား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အခမ်းအနားတွေမှာ အထူးသဖြင့် ခါမေနီရဲ့ သားဖြစ်သူနဲ့ ဆက်ခံသူ မော့ဂျ်တာဘာ ခါမေနီနဲ့ပတ်သတ်ပြီး အနီးကပ် စောင့်ကြည့်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူ လုပ်ကြံခံရပြီး တပတ်အကြာမှာ အဓိပတိခေါင်းဆောင်အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရပေမယ့်လည်း သူဟာ လူထုရှေ့မှောက်ကို ထွက်ပေါ်လာတာ မရှိသေးပါဘူး။
တဟီရန်မြို့ရှိ ကျယ်ဝန်းလှတဲ့ Grand Mosalla ဘာသာရေးဝင်းအတွင်းမှာ လက်စားချေခြင်း သင်္ကေတဖြစ်တဲ့ အနီရောင် နဖူးစည်းစာတန်းများကို ကိုင်ဆောင်ထားတဲ့ ပူဆွေးဝမ်းနည်းသူ ထောင်ချီဟာ ခါမေနီရဲ့ ခေါင်းတလား ရောက်ရှိလာမယ့်အချိန်ကို စောင့်ဆိုင်းနေကြတာကို AFP သတင်းထောက်တဦးက ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။
ခါမေနီကို ထောက်ခံသူ ရာပေါင်းများစွာဟာ သောကြာနေ့ညနေပိုင်းကတည်းက Grand Mosalla ပြင်ပမှာ စောင့်ဆိုင်းနေခဲ့ကြတာပါ။
အဆိုပါ လူထုအခမ်းအနားအတွက် လမ်းတွေ ပိတ်ဆို့ထားပြီး လေပိုင်နက်ကိုလည်း ပိတ်ထားမယ်လို့ မျှော်လင့်ရတဲ့အပြင် လုံခြုံရေးလည်း တိုးမြင့်ထားမယ်လို့ သိရပါတယ်။
သောကြာနေ့မှာ လာရောက်ဂါရဝပြုကြတဲ့ နိုင်ငံတကာဧည့်သည်တွေအနက် အီရန်နဲ့ အမေရိကန်ကြား စေ့စပ်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်နဲ့ သမ္မတ ဗလာဒီမီယာ ပူတင်ကိုယ်စား တက်ရောက်ခဲ့တဲ့ ရုရှားသမ္မတဟောင်းနဲ့ လက်ရှိ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမစ်ထရီ မက်ဗီဒက်ဗ် တို့ ပါဝင်ပါတယ်။
ပါလက်စတိုင်း ခုခံရေးအဖွဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်အဖွဲ့ ဟစ်ဇ်ဘိုလာတို့က ကိုယ်စားလှယ်တွေအပြင် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရကလည်း တက်ရောက်ခဲ့ကြပါတယ်။
Ref – AFP