
အီဘိုလာရောဂါကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းဟာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားနေဆဲဖြစ်ပြီး ဖြစ်စဉ်အများစုဟာ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ထုံးတမ်းဓလေ့တွေ ပြုလုပ်ချိန်မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတာ ဖြစ်ပါတယ်။
၃ ၊ ဇူလိုင်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး လက်ရှိမှာလည်း ဆက်လက်ပြန့်ပွားနေတယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်စတင်တဲ့ အချက်အချာဒေသကနေ ကီလိုမီတာ ၆၀၀ နီးပါးဝေးတဲ့ အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ ကီဆန်ဂါနီ မှာလည်း ပထမဆုံး ကူးစက်ခံရသူတဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားပြည်သူ့ကျန်းမာရေးဌာန (INSP) က ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာအရ မေလ ၁၅ ရက်နေ့မှာ အီဘိုလာကူးစက်မှုကို စတင်ကြေညာခဲ့ပြီးနောက်ပိုင်း ပြင်းထန်စွာကူးစက်တဲ့ အဆိုပါရောဂါကြောင့် အတည်ပြုလူနာ ၁,၄၀၆ ဦးအနက် ၄၃၈ ဦး သေဆုံးခဲ့ရာ သေဆုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
မြေပြင်မှာ လက်တွေ့ ကူးစက်ပြန့်ပွားမှုအတိုင်းအတာကို ခန့်မှန်းဖို့ ခက်ခဲနေပေမယ့် ကူးစက်မှုရဲ့ ဗဟိုချက်ကတော့ အရှေ့မြောက်ပိုင်း အီတူရီပြည်နယ်မှာဖြစ်ပြီး သေဆုံးမှုအားလုံးရဲ့ ၈၃ ရာခိုင်နှုန်းကျော်ဟာ အဲဒီ့ပြည်နယ်က ဖြစ်ပါတယ်။
အဆိုပါပြည်နယ်ဟာ တောင်ဆူဒန်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ယူဂန်ဒါနိုင်ငံမှာ ကူးစက်ခံရသူ ၂၀ ဦးအနက် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်ဟာ အနီးနားရှိ မြောက်ကီဗူးနဲ့ တောင်ကီဗူးပြည်နယ်တွေကိုလည်း ကူးစက်ပြန့်ပွားသွားခဲ့ပါတယ်။
မကြာသေးမီက လူဦးရေ ၁.၅ သန်းရှိတဲ့ ချိုပိုပြည်နယ်မြို့တော် ကီဆန်ဂါနီမှာလည်း ကူးစက်မှုတခု ရှိခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့ရာတွင် အီဘိုလာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ကြောင်း INSP က ပြောပါတယ်။
“သေဆုံးသူရဲ့ ရုပ်အလောင်းကို အီတူရီပြည်နယ်၊ နီယာနီယာ ကျန်းမာရေးဇုန်ကနေ ကီဆန်ဂါနီမြို့ဆီ မော်တော်ဆိုင်ကယ်နဲ့ လျှို့ဝှက်သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်” လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။
အီဘိုလာရောဂါနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းဟာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားနေဆဲဖြစ်ပြီး ဖြစ်စဉ်အများစုဟာ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ထုံးတမ်းဓလေ့တွေ ပြုလုပ်ချိန်မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတာ ဖြစ်ပါတယ်။
ကင်ရှာဆာမြို့မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကွန်ဂို သမ္မတ ဖဲလစ် ဆီဆီကီဒီက ရောဂါကူးစက်မှုတွေဟာ နယ်နမိတ် မခြားကြောင်း ဒါပေမယ့် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ ချမှတ်ပြီး ကွန်ဂိုနိုင်ငံကို “ကမ္ဘာကြီးကနေ အထီးကျန်အောင် မလုပ်ဖို့” တောင်းဆိုခဲ့ပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မည်လို့ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ခန္ဓာကိုယ်မှ ထွက်သော အရည်တွေနဲ့ ထိတွေ့ရာနေတဆင့် ကူးစက်တတ်တဲ့ အီဘိုလာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အာဖရိကမှာ လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးခဲ့သည်။ လက်ရှိ ဖြစ်ပွားနေတဲ့ အီဘိုလာအကျပ်အတည်းဟာ ကွန်ဂိုနိုင်ငံမှာ ၁၇ ကြိမ်မြောက် ဖြစ်ပွားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ကူးစက်မှုကြောင့် လူပေါင်း ၂,၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
Ref – AFP