ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် အရေးပေါ်အခြေအနေကြေညာထား

သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားအထိ ရှိလာနိုင်တယ်လို့လည်း USGS ကကနဦး ခန့်မှန်းထားပါတယ်။

 

၂၅၊ ဇွန်။

 

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ရဲ့ အနောက်ဘက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက အားပြင်းတဲ့ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်သွားပြီးနောက် ယာယီသမ္မတရိုဒရီဂွက်ဇ်ကနိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

ကာရာကတ်စ်မြို့တော်မှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး လူတွေ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေကြပါတယ်။

နိုင်ငံတဝန်းမှာ လူသေဆုံးဒဏ်ရာရမှုအများအပြားရှိနိုင်သလို ပျက်စီးဆုံးရှုံးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ ပြောပြချက်အရ ကာရာကတ်စ်မြို့ အနောက်ဘက် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) အကွာကို ဗဟိုပြုပြီးပြ င်းအား ၇.၂ မဂ္ဂနီကျုဒ့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တာဖြစ်ပြီး တမိနစ်တောင် မပြည့်ခင်မှာဘဲ ပြင်းအား ၇.၅ မဂ္ဂနီကျုဒ့် ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

“လူသေဆုံးဒဏ်ရာရမှု အများအပြားနဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာနိုင်ခြေရှိပြီး ဘေးအန္တရာယ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားနိုင်တယ်”လို့ USGS က ပြောပါတယ်။ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားအထိ ရှိလာနိုင်တယ်လို့လည်း အစောပိုင်းမှာ ခန့်မှန်းထားပါတယ်။

 

“မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ စိတ်မကောင်းစရာ အခြေအနေနဲ့ ကြုံတွေ့နေရသူတွေနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်” လို့ ယာယီသမ္မတက  နိုင်ငံတော်မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပေမဲ့ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသူ အရေအတွက်အတိအကျကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အဆောက်အအုံတွေ ပြိုကျတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရတာနဲ့ဒဏ်ရာရသူအရေအတွက် တိုးလာနေတာတွေကို ဒေသခံအာဏာပိုင်တွေနဲ့မျက်မြင်သက်သေတွေက ပြောပြကြပါတယ်။

 

“အဆောက်အအုံတွေ၊ နေအိမ်တွေ ပြိုကျပျက်စီးတာတွေ ရှိနေပြီး လုံခြုံရေးနဲ့အရပ်ဘက်ကူညီကယ်ဆယ်ရေး ကဏ္ဍတွေမှာ ရှိသမျှ အင်အားအပြည့်နဲ့ကိုင်တွယ်ဖြေရှင်းနေပါတယ်” လို့ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါဒို ကာဘယ်လိုက အစောပိုင်းမှာ နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ ညမိုးချုပ်လာချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်က ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေကြားထဲတိုးဝင်ရှာဖွေနေကြတာကို မြင်တွေ့ရပြီး စိတ်ပူပန်သောကရောက်နေတဲ့မိသားစုဝင်တွေကလည်း အပျက်အစီးအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ သူတို့ရဲ့ ချစ်ရသူတွေအတွက် အကူအညီ တောင်းခံနေကြပါတယ်။

 

ကာရာကတ်စ်မြို့ ချာကာအို စည်ပင်သာယာနယ်မြေရဲ့ မြို့တော်ဝန် ဂုစတာဗို ဒူးကီးကတော့ အဆောက်အအုံ တော်တော်များများ ပြိုကျခဲ့ပြီး အဆောက်အအုံတခုတည်းကတင် အသက်ရှင်ကျန်ရစ်သူ ၁၈ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ပြောပါတယ်။

နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်နိုင်တာကြောင့် ဘေးကနေကြည့်နေသူတွေအနေနဲ့ ရင်ပြင်တွေမှာ ခိုလှုံကြဖို့နဲ့ အကူအညီယူကြဖို့ သူကတိုက်တွန်းထားပါတယ်။ “လူအများဆုံးကို ကယ်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ သူက ပြောပါတယ်။

 

ကမ်းရိုးတန်းပြည်နယ်တခုဖြစ်တဲ့ ဖော်ကွန်မှာ လူ ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူး ဗစ်တာ ကလပ်ခ်က နိုင်ငံပိုင်ရုပ်သံကနေ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ လူကြီး ၁၅ ဦးကိုလည်း အခုထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

 

စပိန်နိုင်ငံဆီကနေ လွတ်လပ်ရေးရဖို့ အထောက်အကူပြုခဲ့တဲ့ ၁၈၂၁ ခုနှစ် စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ် ရုံးပိတ်ရက်မှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဗင်နီဇွဲလားပြည်သူ တော်တော်များများဟာ အိမ်မှာပဲ ရှိနေကြတာပါ။

“ငလျင်စလှုပ်တာနဲ့ လူတွေအော်ဟစ်သံတွေကို စကြားရတော့တာပဲ” လို့ ကာရာကတ်စ် အနောက်ဘက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ပြည်သူ့ဆက်ဆံရေးအရာရှိ အက်စထရစ် ရာမိရက်ဇ်က ပြောပါတယ်။ “လူတိုင်းလှေကားတွေအတိုင်း အောက်ကို ပြေးဆင်းခဲ့ကြတယ်” လို့ ဆိုပါတယ်။

 

၁၉၆၇ ခုနှစ်တုန်းကလည်း ပြင်းအား  ၆.၃ ရှိတဲ့ လူသေဆုံးမှုများပြားတဲ့ငလျင်ဒဏ် ခံခဲ့ရဖူးတဲ့ ကာရာကတ်စ်မြို့ခံတွေဟာ အဆောက်အအုံတွေ တုန်ခါလာတာနဲ့အမျှ ဘေးလွတ်ရာကို အလုအယက် ရွှေ့ပြောင်းခဲ့ကြပါတယ်။

 

“အရမ်းကျယ်တဲ့ ဝုန်းကနဲ အသံကြီး ကြားလိုက်ရတယ်။ အိမ်ထဲက ပစ္စည်းတွေ၊ ရေခဲသေတ္တာထဲက ဗူးတွေ အကုန်ပြုတ်ကျကုန်တယ်။ ဒီလိုမျိုး တခါမှ မကြုံဖူးဘူး” လို့ ကာရာကတ်စ် အရှေ့ဘက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် ကိုရို မာတီးနက်ဇ်က ပြောပါတယ်။

ကာရာကတ်စ် တောင်ဘက်ပိုင်းက အသက် ၈၀ အရွယ် အငြိမ်းစားလစာစားမာရီယာ ရိုမီရိုကတော့ ရဲတပ်ဖွဲ့က သူ့ကို အိမ်ထဲကနေ ထွက်နိုင်အောင် ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။ “ဒီငလျင်က တကယ့်ကို ကြောက်စရာကောင်းတယ်၊ ၁၉၆၇ တုန်းက လှုပ်တာထက်တောင် ပိုဆိုးတယ်” လို့ သူက ဆိုပါတယ်။

 

နာမည်မဖော်လိုတဲ့ အသက် ၄၁ နှစ်အရွယ် ရုံးဝန်ထမ်း အမျိုးသမီးတဦးကလည်း ငလျင်အရှိန် ပြင်းမလာခင်လေးမှာပဲ သူ့ရဲ့ဖုန်းထဲကို ငလျင်သတိပေးချက် ဝင်လာခဲ့တယ်လို့ ပြောပါတယ်။

 

“ဖုန်းကို ကောက်ကိုင်ပြီး ဘာပြောလဲဆိုတာ နားထောင်နေတုန်းမှာပဲ အစပိုင်းမှာ အသာလေး တုန်ခါသွားတာကို ခံစားရတယ်။ အဲဒီနောက် နှစ်စက္ကန့်တောင်မပြည့်ခင်မှာ အရာအားလုံး ပြင်းပြင်းထန်ထန် လှုပ်ခါတော့တာပဲ” လို့ ဆိုပါတယ်။

အမေရိကန်က သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလမှာ ရာထူးကနေဖယ်ရှားခဲ့ပြီးကတည်းက ရိုဒရီဂွက်ဇ်ဟာ နိုင်ငံကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ အထူးသဖြင့် ရေနံ၊ သတ္တုတွင်းနဲ့ အခြားစက်မှုလုပ်ငန်းတွေမှာအမေရိကန်အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ခေတ်သစ်တခုကို ကြိုဆိုထားသူ ဖြစ်ပါတယ်။

 

ကာရာကတ်စ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကတော့ ငလျင်အပြီးနောက်ဆက်တွဲအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပြီး ဗင်နီဇွဲလားမှာရှိတဲ့ သူတို့နိုင်ငံသားတွေကို ဘေးကင်းတဲ့ ခိုလှုံရာနေရာတွေမှာ နေကြဖို့နဲ့ ပျက်စီးသွားတဲ့ နေရာတွေကို မသွားကြဖို့ တိုက်တွန်းထားပါတယ်။

 

အာဏာပိုင်တွေက ပျက်စီးဆုံးရှုံးမှုတွေကို စတင်စစ်ဆေး အကဲဖြတ်နေတာကြောင့် အခုတပတ်ရဲ့ ကျန်ရှိတဲ့ ရက်တွေအတွက် ကျောင်းသင်တန်းတွေကိုဖျက်သိမ်းလိုက်ပါတယ်။

 

ဗင်နီဇွဲလားမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ စွမ်းအင်ကုမ္ပဏီ တော်တော်များများဟာ ရေနံမြေတွေ၊ စက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေရဲ့ အခြေအနေကိုအစောပိုင်း အကဲဖြတ်မှုတွေ မလုပ်ခင်မှာ သူတို့ရဲ့ ဝန်ထမ်းတွေ ဘေးကင်းရဲ့လားဆိုတာကို အရင်ဆုံး စာရင်းကောက်ယူ စိစစ်နေကြပါတယ်။

 

လျှပ်စစ်မီး ရေရှည်ပြတ်တောက်သွားမယ်ဆိုရင်တော့ မီးပြန်မလာမချင်းရေနံစိမ်း ထုတ်လုပ်မှုအဆင့်ကို ထိခိုက်နိုင်တယ်လို့ သတင်းရင်းမြစ်တခုကမှတ်ချက်ပေးပါတယ်။

ဗင်နီဇွဲလား ရေနံဝန်ကြီးဌာန၊ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA နဲ့ သူတို့ရဲ့အဓိက နိုင်ငံခြား မိတ်ဘက်ဖြစ်တဲ့ ချီဗရွန်ကုမ္ပဏီတို့ကတော့ အဆိုပါ အခြေအနေအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

 

ငလျင်လှုပ်ပြီးနောက်မှာ အမေရိကန် ဆူနာမီသတိပေးစနစ်က ပေါ်တိုရီကို၊ အမေရိကန်နဲ့ ဗြိတိန်ပိုင် ဗာဂျင်ကျွန်းစုတွေ အတွက် ဆူနာမီအန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့သလို ဘေးအန္တရာယ်ရှိတဲ့ လှိုင်းလုံးကြီးတွေဟာအရူးဘား၊ ကျူရာဆောင်းနဲ့ ဘိုနေယာ ကျွန်းတွေကိုလည်း ရိုက်ခတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သတိပေးချက်ကို တနာရီလောက်အကြာမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

 

ဗင်နီဇွဲလားနိုင်ငံဟာ ကာရစ်ဘီယံ ကျောက်ချပ်လွှာနဲ့ တောင်အမေရိကကျောက်ချပ်လွှာတို့ ဆုံတွေ့တဲ့ ငလျင်လှုပ်ခတ်မှု အားကောင်းတဲ့ ဇုန်ထဲမှာတည်ရှိနေတာ ဖြစ်ပါတယ်။

 

USGS ရဲ့ အချက်အလက်တွေအရ ၁၈၁၂ ခုနှစ်တုန်းက မီရီဒါမြို့နဲ့ ကာရာကတ်စ်မြို့တွေမှာ ပြင်းထန်တဲ့ ငလျင်တခုကြောင့် ကြီးမားကျယ်ပြန့်တဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၃၀,၀၀၀ ခန့် သေဆုံးခဲ့ဖူးတယ်လို့သိရပါတယ်။

 

Ref – Reuters