အာဖရိကပြင်ပ ပထမဆုံး အီဘိုလာလူနာကို ပြင်သစ်နိုင်ငံမှာ တွေ့

ကျန်းမာရေးဝန်ကြီးဌာနကတော့ “နိုင်ငံတွင်းမှာ အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိတဲ့ပထမဆုံး အတည်ပြုလူနာကို စစ်ဆေးတွေ့ရှိရတယ်” လို့ ပြောပါတယ်။

 

၂၅၊ ဇွန်။

 

ပြင်သစ်နိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြုလူနာကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိတယ်လို့ ပြင်သစ်နိုင်ငံက ဇွန်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

အဆိုပါ လူနာဟာ အီဘိုလာရောဂါ အကြီးအကျယ် ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်နေရတဲ့ ကွန်ဂိုနိုင်ငံကနေ လေယာဉ်နဲ့ ပြန်လာတဲ့ ဆရာဝန်တဦး ဖြစ်ပါတယ်။

 

ယူဂန်ဒါနိုင်ငံကိုပါ ကူးစက်ပျံ့နှံ့နေတဲ့  အီဘိုလာရောဂါ ကူးစက်မှုအတွင်း အာဖရိကတိုက်ရဲ့ ပြင်ပမှာ ပထမဆုံးအကြိမ်အဖြစ် ရောဂါပိုးရှိသူကိုစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံအနေနဲ့ အီဘိုလာရောဂါပိုးကို ကိုယ့်နိုင်ငံတွင်းမှာ စစ်ဆေးတွေ့ရှိတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အနောက်အာဖရိကမှာ အီဘိုလာ ကူးစက်ပြန့်ပွားစဉ်တုန်းက လူနာနှစ်ဦးကို ပြင်သစ်နိုင်ငံဆီ ပို့ဆောင်ကုသခဲ့ဖူးပေမဲ့ အဆိုပါ လူနာတွေက ပြည်ပမှာတင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနကတော့ “နိုင်ငံတွင်းမှာ အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိတဲ့ပထမဆုံး အတည်ပြုလူနာကို စစ်ဆေးတွေ့ရှိရတယ်” လို့ ပြောပါတယ်။

 

အင်္ဂါနေ့က ပါရီမြို့ကို ရောက်ရှိလာတဲ့ အဆိုပါ လူနာဟာ “ကင်ရှာဆာမြို့ကနေကုန်သွယ်ရေး လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာခဲ့တာဖြစ်ပြီး ခေါင်းကိုက်တာကလွဲလို့ကျန်တဲ့ ရောဂါလက္ခဏာ တစုံတရာ မပြသလောက်နီးပါး ဖြစ်နေခဲ့တယ်” လို့ဝန်ကြီးဌာနက ဆိုပါတယ်။

 

အဆိုပါ ဆရာဝန်ရဲ့ အခြေအနေဟာ လေယာဉ်စီးနင်းနေစဉ်အတွင်း အနည်းငယ် ပိုဆိုးလာခဲ့တာကြောင့် ပါရီမြို့ကို ဆင်းသက်ပြီးတာနဲ့ ရောဂါပိုးရှိမရှိ တရားဝင် မစစ်ဆေးရသေးခင်မှာပဲ လူနာကို ချက်ချင်း သီးသန့်ခွဲထားပြီး အနီးကပ် စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောပါတယ်။

လူနာရဲ့ အခြေအနေဟာ တည်ငြိမ်မှုရှိပြီး ဗိုင်းရပ်စ်ပိုး ပမာဏဟာလည်း အလွန်နည်းပါးတဲ့ အခြေအနေမှာ ရှိတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

 

ဆရာဝန်ဟာ အဲဖရန့်စ် လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါခရီးသည်စာရင်းကို အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်တယ်လို့လေကြောင်းလိုင်းက ပြောပါတယ်။

 

“ဒီခရီးသည်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ကိစ္စတွေကို ကျန်းမာရေး အာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်းနေပါတယ်” လို့ အဲဖရန့်စ်က ပြောပါတယ်။

 

ကျန်းမာရေးဝန်ကြီး စတီဖနီ ရစ်စက်ကတော့ အတူလိုက်ပါလာတဲ့ တခြားခရီးသည်ငါးဦးကို ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိသူတွေအဖြစ် သတ်မှတ်ထားပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးသန့်ခွဲထားတယ်လို့ နောက်ပိုင်းမှာ ပြောကြားပါတယ်။

 

ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူးရဲ့ ရုံးအဖွဲ့ကတော့ ဝန်ကြီးချုပ်အနေနဲ့အခြေအနေကို အနီးကပ်ဆုံးစောင့်ကြည့်နေတယ်လို့ ပြောပေမဲ့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေကတော့ နည်းပါးနေဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ်ကလည်း ကမ္ဘာလုံးဆိုင်ရာရောဂါကူးစက်နိုင်ခြေဟာ “နည်းပါးတဲ့ အဆင့်မှာပဲ ရှိနေဆဲဖြစ်တယ်” လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတခုဖြစ်တဲ့ (ALIMA) ကတော့ အခု ရောဂါပိုးတွေ့ရတဲ့ လူနာဟာ သူတို့အဖွဲ့ကဆရာဝန်တဦး ဖြစ်တယ်လို့ အတည်ပြုပါတယ်။

 

“ရောဂါပိုး ကူးစက်မှု ဘယ်လိုကြောင့် ဖြစ်ပွားခဲ့ရသလဲဆိုတာကို နားလည်နိုင်ဖို့”ကြိုးစားနေတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

 

လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးသမားတွေအနေနဲ့ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မိပြီးနောက် ပုံမှန်အားဖြင့် သုံးပတ်ကြာ သီးသန့်ခွဲနေထိုင် စောင့်ကြည့်မှုကို ခံယူရလေ့ရှိပါတယ်။

သံတမန်ရေးရာ သတင်းမြစ်တွေရဲ့ အဆိုအရ အထူးသဖြင့် သွားလာလှုပ်ရှားမှုကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး သင့်တော်မယ့် အရေးယူဆောင်ရွက်မှုတွေကိုဆွေးနွေးဖို့အတွက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အစည်းအဝေးတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။

 

လက်နက်ကိုင်အဖွဲ့တွေနဲ့ သတ္တုသယံဇာတ ကြွယ်ဝတဲ့ အရှေ့ပိုင်းအီတူရီပြည်နယ်မှာ အကြောင်းရင်းမသိရဘဲ လူအများအပြား သေဆုံးခဲ့ပြီးနောက်

ကွန်ဂိုနိုင်ငံရဲ့ ၁၇ ကြိမ်မြောက် အီဘိုလာ ရောဂါကူးစက်ပြန့်ပွါးမှုကို

မေလ ၁၅ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရရှိတဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ရောဂါပိုးကူးစက်ခံရသူ ၁,၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၂၆၇ ဦး ရှိခဲ့တာကြောင့် သေဆုံးမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းခန့်ရှိနေတယ်လို့ သိရပါတယ်။

 

ကျွမ်းကျင်သူ အများအပြားကတော့ ရောဂါကူးစက်မှုဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ဖြစ်ပွားနေတာကြောင့် လက်ရှိ ကူးစက်ပြန့်ပွားမှု အတိုင်းအတာကို ခန့်မှန်းထားတာထက် ပိုများနိုင်ခြေရှိတယ်လို့ ယူဆနေကြပါတယ်။

 

အခု ကူးစက်ပြန့်ပွားမှုကို ဖြစ်ပွားစေတဲ့ ဘန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးကွဲအတွက်တရားဝင် အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးပါဘူး။

 

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကြားမှာ ထုတ်လုပ်ခဲ့တဲ့ လက်ရှိ အီဘိုလာကာကွယ်ဆေးတွေဟာပြီးခဲ့တဲ့ အကြိမ်တွေတုန်းက အဓိက ကူးစက်ပြန့်ပွားမှုကို ဖြစ်စေခဲ့တဲ့ ဇိုင်ယာ ဗိုင်းရပ်စ်မျိုးကွဲကိုသာ ကာကွယ်နိုင်စွမ်း ရှိတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ မေလတုန်းက ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အမေရိကန်ခွဲစိတ်ဆရာဝန်တဦးကို ဂျာမနီနိုင်ငံဆီ လေယာဉ်နဲ့ ပို့ဆောင် ကုသပေးခဲ့ရပါသေးတယ်။

 

ဘာလင်မြို့က ဆေးရုံတခုကတော့ အဆိုပါ ဆရာဝန်ဟာ ၁၇ ရက်ကြာ ဆေးဝါးကုသမှုခံယူပြီးနောက် ရောဂါပျောက်ကင်းသွားခဲ့တာကြောင့် အခုလဆန်းပိုင်းမှာ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။

 

ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ အီဘိုလာဗိုင်းရပ်စ်ဟာ ကူးစက်ပြန့်ပွားနိုင်စွမ်း အတော်အတန် နည်းပါးတာကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့သွားမယ့် အန္တရာယ်ဟာ နည်းပါးတဲ့ အဆင့်မှာပဲ ရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

Ref – CNA