မြစ်ရေကာတာတွေ မကျိုးပေါက်စေရေး ကြံ့ခိုင်အောင်လုပ်ဖို့အဆို အတည်ပြု

ဧရာဝတီတိုင်းမှာ ၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်​ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့ဖူးပါတယ်။

၂၄၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်း ဧရာ၀တီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်ရေကာတာတွေ မိုးရာသီ မြစ်ရေကြီးမြင့်ချိန် ရေကာတာတွေ မကျိုးပေါက်စေရေးအတွက် တာတမံတွေ ကြံ့ခိုင်မှုကောင်းမွန်စေဖို့ ကြိုဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းတဲ့အရေးကြီးအဆိုကို ဧရာ၀တီတိုင်းလွှတ်တော် အတည်ပြုခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့တဲ့ အဲဒီအဆိုကို ဇွန်လ ၂၂ ရက်နေ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဆယ်ဦးက ဆွေးနွေးခဲ့ကာ အတည်ပြုခဲ့တာပါ။

“စိုက်မွေးဆည် ဝန်ကြီးကလည်း အဆိုကို သဘောတူကြောင်းပြောတယ်။ အဆိုရှင်တင်ပြတဲ့အတိုင်း လုပ်နေတယ်ပေါ့။ ဒါက ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် လွှတ်တော်က အတည်ပြုတိုင်း အစိုးရက မြေပြင်မှာ တကယ် လုပ်ဖို့တော့ လိုတယ်” လို့ ဧရာ၀တီတိုင်းလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိနေပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်တာတော့ မတွေ့ရသေးဘူးလို့ သူက ဆိုပါ တယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ထင်ရှားတဲ့ ဧရာ၀တီတိုင်းမှာ မြစ်ရေကြီးချိန် ရေကာတာတွေ ကျိုးပေါက်တဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးခင်းတွေ နစ်မြုပ်ပျက်စီးမှုမရှိစေရေး၊ မြို့ရွာနေအိမ်တွေ မပျက်စီးစေရေးတို့အတွက် အဆိုတင်သွင်းရ ခြင်းဖြစ်တယ်လို့ အဆိုရှင်က ပြောထားပါတယ်။

အခုရက်ပိုင်း ဧရာ၀တီတိုင်းအတွင်းမှာ မိုးများနေပြီး လမ်းပိုင်းနဲ့ တံတားတွေ ကျိုးကျ၊ ပျက်စီးတာတွေ ရှိနေကာ ရေကာတာတွေကိုလည်း ဂရုစိုက်ဖို့လိုတယ်လို့ ဟင်္သာတမြို့ခံတဦးက ထောက်ပြပါတယ်။ “ကြံ့ခိုင်မှုကိုတော့ နှစ်တိုင်း စစ်ဖို့လိုတယ်လို့ မြင်တယ်” လို့ သူက ဆိုပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ရေကာတာကျိုးပေါက်မှုအနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကြေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ်မြုပ်တာတွေနဲ့ ကြုံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်၊ ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ အဆို ရှင်က အဆိုတင်သွင်းစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာ ၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်​ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း တတိုင်းလုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ဟင်္သာတမြို့နယ်အတွင်း ရေကာတာကျိုး ပေါက်မှာ စိုးရိမ်တာကြောင့် ကမ်းရင်းတာနဲ့ ပန်းတာကြားရှိဝါသလ၊ ဂွေးတောက်ချောင်း၊ မေဒုံ၊ သရက်နှစ်ပင် စ တဲ့ကျေးရွာတွေမှ နေအိမ် နှစ်ရာနီးပါး ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ရေကြီးရင် လယ်ယာတွေ၊ နေအိမ်တွေ ပျက်စီးမှာ ကြောက်ရသလို နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ တွေ ဖြစ်လာမှာ၊ ပိုးမွှား၊ မြွေအန္တရာယ်တွေဖြစ်လာမှာတို့ကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူတွေ လူမှုဘ၀ ထိခိုက်မှုများစွာ ကြုံတွေ့လာနိုင်ပြီး တိုင်းဒေသကြီးရဲ့ GDP တိုးတက်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ အဆိုရှင်က ပြောပါတယ်။

ဧရာ၀တီတိုင်း အတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါး ရှိပေမယ့် အခုနှစ်တွေမှာတော့ သွင်းအားစုစျေးကြီးတာ၊ လယ်ယာထွက်ကုန်စျေးကောင်းမရတာတို့ကြောင့် စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။