“အဓိကကတော့ မြစ်ရေကိုစောင့်ကြည့်ဖို့လိုတယ်။ မြစ်ရေတက်နေချိန်မှာ မိုးများမယ်၊ ဒီရေလည်း ခံနေမယ်ဆိုရင် အနိမ့်ဆုံး အဆင့် စပါးခင်းတွေ ရေမြုတ်သွားနိုင်ပါတယ် ”
၂၃၊ ဇွန်လ။
မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ မုန်သုန်လေဟာ ဆက်လက်အားကောင်းဖို့ ရှိနေတာကြောင့် ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်ကြီးခြင်းစတဲ့ ဖြစ်စဉ်တွေ ရှိနေပြီး ထူးခြားမိုးလေဝသ ဖြစ်စဉ်တွေကို ဇူလိုင်လဆန်းအထိ အထူးသတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
“အိန္ဒိယမှာ မုတ်သုံလေ တန့်နေတယ်ဆိုတာက မြန်မာနိုင်ငံအတွက်တော့ ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေစီးကြောင်းကို ပိုမိုစုပြုံ အားကောင်းလာစေတယ်။ ဒါက ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းစတဲ့ သီးခြားထူးခြားသော မိုးလေဝသဖြစ်စဉ်တွေကို သွယ်ဝိုက်သောနည်းနဲ့ တွန်းအားပေး တွန်းပို့လာနိုင်တယ်။ ဒါကြောင့် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဒီလို ထူးခြားမိုးလေဝသ ဖြစ်စဉ်တွေကို အထူးသတိပြု စောင့်ကြည့်ဖို့လိုတယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကတည်းက ရခိုင်ကမ်းရိုးတန်းအပါအဝင် ဧရာဝတီတိုင်းက ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းကျတာ၊ မိုးကြီးတာ၊ လှိုင်ကြီးတာတွေ ဆက်တိုက်ဖြစ်နေတာပါ။
လက်ရှိအချိန်မှာလည်း ဧရာဝတီတိုင်းအတွင်းက တချို့ဒေသတွေမှာ မိုးများပြီး ရေကြီး၊ ရေလျှံမှုတွေ၊ ကမ်းပြိုမှုတွေ ရှိနေပြီးတော့ လက်ရှိ မိုးဇလ ဖြစ်စဉ်တွေအရ မြန်မာနိုင်ငံ အထက်ပိုင်းမှာလည်း မိုးများပြီး ရေကြီးရေလျှံနေတာကြောင့် အပေါ်ရေကျချိန်နဲ့ ဒီရေတက်ချိန်ဆုံရင် ဧရာဝတီတိုင်းမှာ ရေကြီးနိုင်တယ် လို့လည်း မိုးဇလ ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။
မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးကတော့ “ အဓိကကတော့ မြစ်ရေကိုစောင့်ကြည့်ဖို့လိုတယ်။ မြစ်ရေတက်နေချိန်မှာ မိုးများမယ်၊ ဒီရေလည်း ခံနေမယ်ဆိုရင် အနိမ့်ဆုံး အဆင့် စပါးခင်းတွေ ရေမြုတ်သွားနိုင်ပါတယ် ” လို့ ဆိုပါတယ်။
တောင်သူလယ်သမား၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ အနေနဲ့ ရေစီးရေလာကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ထားဖို့ ဆိုတာကို မိုးဇလ ပညာရှင်တွေက မေလ နှောင်းပိုင်းကတည်းက ဆက်တိုက် အကြံပြုနေခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘက်မှာတော့ ရေကြီးလောက်တဲ့အထိ မဖြစ်သေးပါဘူး။ ဒါပေမယ့် မိုးကဆက်နေတော့ ကန်သင်းဘောင်တွေဆယ်တာတွေ၊ ရေထွက်ပေါက်တွေ၊ မြောင်းတွေတော့ လုပ်ထားရတာပေါ့။ စပါးကတော့ တော်ရုံရေမြုပ်ရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ကြာသွားရင်တော့ အမြစ်ပုတ်သွားတတ်တယ် ” လို့ ဇလွန်မြို့နယ်က လယ်သမားတဦးဖြစ်တဲ့ ဦးတိုးက ဆိုပါတယ်။
ဒါအပြင် ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေကြသူတွေ အနေနဲ့လည်း မိုးများခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ မရှိရအောင် ကြိုတင်ပြင်ဆင်နိုင်တာ ပြင်ဆင်ထားဖို့လိုတယ်လို့ အကြံပြုထားကြပါတယ်။