
ပိတ်မိနေတဲ့ သင်္ဘောသားတွေကို ကယ်ဆယ်ရွှေ့ပြောင်းနိုင်ဖို့ဆိုတာ ဒီရေလက်ကြားဆက်ပြီး ပွင့်နေဖို့အပေါ်မှာ မူတည်နေပါတယ်။
၂၄၊ ဇွန်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ပင်လယ်ကွေ့အတွင်း ပိတ်မိနေတဲ့ သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) က စီစဉ်နေပါတယ်။
အဆိုပါ အကြီးစား စစ်ဆင်ရေးလုပ်ငန်းကို အီရန်၊ အိုမန်၊ အမေရိကန်နဲ့ ဒေသတွင်းက အခြားကမ်းရိုးတန်းနိုင်ငံတွေနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ IMO အထွေထွေအတွင်းရေးမှူးချုပ်အာဆန်နီယို ဒိုမင်းဂွက်ဇ်က ပြောပါတယ်။
သူက ဆက်လက်ပြီးတော့ “ဒီလုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တဲ့ ဘေးကင်းလုံခြုံမှု အာမခံချက်တွေကို ရရှိထားပြီးဖြစ်သလို၊ ဘေးကင်းလုံခြုံစွာ ရေကြောင်းခရီးသွားလာနိုင်မယ့် အခြေအနေတွေကိုလည်း သေချာစိစစ်ထားပြီးဖြစ်ပါတယ်” လို့ဆိုပါတယ်။
ပဋိပက္ခကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့အပတ်က ယာယီသဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံစလုံးဟာ နားလည်မှုစာချွန်လွှာရဲ့ အသေးစိတ်အချက်အလက်တွေအပေါ် ဆက်ပြီး သဘောထားကွဲလွဲနေကြဆဲ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယားလက်နက် စီမံကိန်းကို အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဝင်ရောက်စစ်ဆေးခွင့် ရမယ်ဆိုတဲ့ အာမခံချက်တွေဟာ အဆိုပါ စာချွန်လွှာမှာ ပါဝင်တယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ လူမှုကွန်ရက်ပေါ်ကနေ “အီရန်ဟာရေရှည်အနာဂတ် အကန့်အသတ်မရှိ အမြင့်ဆုံးအဆင့် နျူကလီးယားစစ်ဆေးမှုတွေကို ခံယူဖို့ အပြည့်အဝ သဘောတူညီခဲ့ပါတယ်။ ဒါဟာ နျူကလီးယားဆိုင်ရာ ရိုးသားမှုကို သေချာစေပါလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။
ထရမ့်ရဲ့ ရေးသားမှုမတိုင်ခင်မှာတော့ ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ အစ္စရေးတို့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နျူကလီးယားစခန်းတွေကိုတော့ ကုလသမဂ္ဂရဲ့ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ဝင်ရောက်စစ်ဆေးနိုင်မှာ မဟုတ်ဘူးလို့ အီရန်ဘက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ အီရန်နဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အကြောင်း ဆွေးနွေးဖို့အတွက် အင်္ဂါနေ့မှာ ယူအေအီး (UAE) နိုင်ငံကနေစပြီးပင်လယ်ကွေ့ဒေသခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေကိုလည်း ဆက်ပြီး သွားရောက်မှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ သတိပေးချက်တခု ထုတ်ပြန်ခဲ့ပြီး အီရန်ကဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို အခကြေးငွေကောက်ခံဖို့ ကြိုးပမ်းနေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဘယ်နိုင်ငံကိုမှ ရေလမ်းဖြတ်သန်းခ ကောက်ခံခွင့်မပြုဘူးလို့ပြောကြားခဲ့ပါတယ်။
ယူအေအီးကို ရောက်ရှိချိန်မှာ သူက “ဒါဟာ နိုင်ငံတကာရေလမ်းကြောင်းတခုဖြစ်ပါတယ်။ နိုင်ငံတကာရေလမ်းကြောင်းပေါ်မှာ ဘယ်နိုင်ငံကိုမှ ဖြတ်သန်းခ ဒါမှမဟုတ်အခကြေးငွေကောက်ခံခွင့် မရှိပါဘူး။ ဒါဟာ လက်ရှိတည်ဆဲ နိုင်ငံတကာဥပဒေပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဒေသက ဘယ်သူ့ကိုမှ နားချနေဖို့ လိုမယ်မထင်ပါဘူး။ ဒီဒေသတွင်းက နိုင်ငံအားလုံးကလည်း ကျွန်တော်တို့နဲ့ သဘောထားချင်း တူညီကြလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
ပိတ်မိနေတဲ့ သင်္ဘောသားတွေကို ကယ်ဆယ်ရွှေ့ပြောင်းနိုင်ဖို့ဆိုတာ ဒီရေလက်ကြားဆက်ပြီး ပွင့်နေဖို့အပေါ်မှာ မူတည်နေပါတယ်။
သင်္ဘောသားတွေကို ကူညီပေးမယ့် အခုသဘောတူညီချက်ဟာ “ရေကြောင်းလုံခြုံရေးကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ အရပ်ဘက်ကုန်သည်သင်္ဘောတွေအပေါ် လက်ခံနိုင်စရာမရှိတဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့အတွက် ပြတ်သားတဲ့ ခြေလှမ်းတလှမ်း” ဖြစ်တယ်လို့ IMO အထွေထွေအတွင်းရေးမှူးချုပ် ဒိုမင်းဂွက်ဇ်က ပြောပါတယ်။
သူက “အပြစ်မဲ့သင်္ဘောသား ထောင်ပေါင်းများစွာအတွက် လပေါင်းများစွာဒုက္ခရောက် စိတ်ဆင်းရဲခဲ့ရပြီး တကမ္ဘာလုံးအပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား ချုပ်ဆိုနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အထူးပဲ ဝမ်းမြောက်ကျေနပ်မိပါတယ်” လို့ ဆိုပါတယ်။
IMO က ထုတ်ပြန်ပေးတဲ့ အိုမန်နိုင်ငံရဲ့ ရေကြောင်းသွားလာသူများအတွက်သတိပေးချက်အရ IMO ရဲ့ ရွှေ့ပြောင်းရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ရေလက်ကြားကို ဖြတ်သန်းဖို့ ယာယီလမ်းကြောင်းနှစ်ခုကို အသုံးပြုနိုင်ပြီး နောက်ထပ်ညွှန်ကြားချက်တွေအတွက် သင်္ဘောတစင်းချင်းစီကို ဆက်သွယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ဒေသကနေ ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်တဲ့ သင်္ဘောအရေအတွက်နဲ့ပတ်သက်ပြီး နေ့စဉ်အစီရင်ခံစာ ထုတ်ပြန်ပေးသွားမယ်လို့လည်း IMO က ပြောပါတယ်။
အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်းမှာ အီရန်ဟာရေလက်ကြားကို အမှန်တကယ် ပိတ်ပစ်ခဲ့တာကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေဟာဘရန့်ဒ်ရေနံစိမ်း တစည်ကို ဒေါ်လာ ၁၀၀ (ပေါင် ၇၅) ကျော်အထိ မြင့်တက်သွားခဲ့ရပါတယ်။
ရေလမ်းကြောင်း ပိတ်လိုက်တာကြောင့် စွမ်းအင်တင်ပို့မှုတွေအပြင် မြေဩဇာလိုမျိုးအရေးကြီးတဲ့ ကုန်စည်စီးဆင်းမှုတွေကိုပါ ပိတ်ဆို့သွားစေခဲ့ပါတယ်။
ရေကြောင်းသတင်းအချက်အလက်လုပ်ငန်း Kpler ရဲ့ အချက်အလက်သစ်တွေအရပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဟော်မုဇ်ရေလက်ကြားကနေ အခုအချိန်အထိ အနည်းဆုံးသင်္ဘော ၁၇၂ စင်း ဖြတ်သန်းသွားလာခဲ့ပြီးဖြစ်ကာ ပြီးခဲ့တဲ့ စနေနေ့တရက်တည်းမှာတင် သင်္ဘော ၄၂ စင်း ရှိခဲ့တယ်လို့ သိရပါတယ်။
သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ရက် ဇွန်လ ၁၈ ရက်နေ့ကစလို့ဖြတ်သန်းသွားလာတဲ့ သင်္ဘောအရေအတွက်ဟာ စစ်ပွဲမဖြစ်ခင်က ပျမ်းမျှတရက်ကို ၁၃၈ စင်းခန့် ဖြတ်သန်းမှုနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းပါးနေပါသေးတယ်။
BBC Verify က ခွဲခြမ်းစိတ်ဖြာထားတဲ့ သင်္ဘောခြေရာခံအချက်အလက်တွေအရအင်္ဂါနေ့မှာ ရေနံတင်သင်္ဘောအစင်း ၂၀၀ ကျော်ဟာ ရေလက်ကြားအတွင်းမှာစောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ပြသနေပါတယ်။
Ref – BBC