တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့   သတင်းအမှားတွေသုံးပြီး စစ်လော်ဘီတွေရဲ့ အွန်လိုင်းပေါ်က အပုပ်ချမှုနဲ့ မြေပြင်ပေါ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ် 

တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့   သတင်းအမှားတွေသုံးပြီး စစ်လော်ဘီတွေရဲ့ အွန်လိုင်းပေါ်က အပုပ်ချမှုနဲ့ မြေပြင်ပေါ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ် 

 

(MFCN_DNA_TRF)

၂၀၂၆ ဇွန် ၂၃

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီး နောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေသာမကဘဲ လူမှုစာမျက်နှာတွေပေါ်က သတင်းအချက်အလက်အတုတွေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲတွေပါဖြစ်ပေါ်နေပါတယ်။ 

 

လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးရဲဘော်တွေဟာ အမျိုးသားတွေထက် ဒီအခြေအနေတွေမှာ ပိုပြီးခက်ခဲပင်ပန်းတဲ့ စစ်မျက်နှာတွေကို ရင်ဆိုင်နေကြရပါတယ်။

 

ဒီလိုအခြေအနေမှာ  တော်လှန်ရေးထဲ ရောက်လာတဲ့ အသက် ၂၅ ဝန်းကျင်ရှိတဲ့ ရဲမေစုစုက

“ကျနော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာ စစ်တပ်ကိုတော်လှန်တာတခုတည်းမဟုတ်ဘူး၊ မကောင်းတဲ့ စနစ်ဆိုးတခုလုံးကနေ ကျနော်တို့အမျိုးသမီးတွေအကုန်လုံးကို ရုန်းထွက်စေချင်တာ။ မိန်းကလေးတွေအပေါ် လေးစားမှုအပြည့်ပေးသင့်တယ်။”လို့ သူ့ရဲ့တကယ့်မျှော်လင့်ချက်ကို အခုလိုပြောပြပါတယ်။

 

တော်လှန်ရေးရဲမေတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM အမျိုးသမီးတွေအနေနဲ့ မြေပြင်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးတွေ၊ လေကြောင်းရန်တွေ၊ စစ်ကြောင်းထိုးမှုတွေကိုပဲ ရင်ဆိုင်နေကြရတာမဟုတ်ပါဘူး။

 

 လူမှုစာမျက်နှာတွေပေါ်က စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာဝါဒဖြန့်စော်ကားမှုတွေအပြင် ကိုယ့်တော်လှန်ရေးအဝန်းဝိုင်းထဲက မဆင်မခြင်  စနောက်တာပါဆိုတဲ့ စကားလုံးထိုးစစ်တွေကိုပါ ရင်ဆိုင် ခံစားနေရတာဖြစ်ပါတယ်။ 

 

မကြာသေးခင်က စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တွေကနေ “

တောထဲမှာ သင်တန်းတက်နေတဲ့ PDF အကြမ်းဖက်မတွေကို PDF အထီးတွေက အနိုင်ကျင့်နှိပ်စက်နေတာ မြင်တဲ့အတိုင်းပဲနော်…နေ့ဘက်ဆိုရင် အဲဒီလိုမျိုး နှိပ်စက်ပြီး ညဘက်ဆိုရင်လည်း PDF အထီးတွေက PDF မတွေကို အလိုမတူဘဲ ခြေတော်တင် မုဒိမ်းကျင့် ဖျက်ဆီးကြသေးတယ်ဆိုပဲ” စတဲ့ သတင်းတု၊ သတင်းမှားတွေကို ဖြန့်ဝေနေကြပါတယ်။

https://archive.ph/OG1Op 

 

စစ်တပ်လော်ဘီစာမျက်မှာတခုဖြစ်တဲ့ “Mya Wai” ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကလည်း “ရွှေဘိုမြို့နယ်က PDF တွေကြီးစိုးတဲ့ ရွာတစ်ရွာမှာ ဒေါ်စုရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ နှင်းဆီပန်းကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ ၉ တန်းကျောင်းသူလေးတစ်ဦးကို PDF တစ်ဦးက မုဒိမ်းကျင့်ပြီး၊ တိုင်ရင်သတ်မယ်လို့ မိသားစုကိုပါ ခြိမ်းခြောက်ထားတယ်” ဆိုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို သိက္ခာချဖို့ လိင်ပိုင်းဆိုင်ရာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတွေကို ရည်ရွယ်ချက်ရှိရှိ ထပ်မံဖြန့်ဝေလာတာ တွေ့ရပါတယ်။

https://web.archive.org/save/https://www.facebook.com/share/p/1C62GegVmk/ 

 

ဒါဟာ မြေပြင်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ စစ်အာဏာရှင်ကို တော်လှန်နေကြတာကြောင့် အဲ့ဒီအမျိုးသမီးတွေရဲ့ သိက္ခာကို ဓါးစာခံလုပ်ပြီး မိဘပြည်သူတွေကို စိုးရိမ်စိတ်နဲ့ သူတို့ရဲ့ သမီးတွေကို တော်လှန်ရေးမှာမပါဝင်နိုင်အောင် စနစ်တကျတိုက်ခိုက်နေတဲ့ ဒစ်ဂျစ်တယ် အခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်နေကြတာဖြစ်ပါတယ်။

 

အမျိုးသမီးရဲမေတွေရဲ့ဓာတ်ပုံတွေကို အသုံးချပြီး ပုံဖျက်ခြင်း

 

စစ်တပ်လော်ဘီတွေဟာ တော်လှန်ရေးထဲက ရဲဘော်အမျိုးသမီးတွေရဲ့ ဓါတ်ပုံတွေကို လူမှုစာမျက်နှာတွေကနေ ခိုးယူပြီး၊ ညစ်ညမ်းစာသားတွေနဲ့ တွဲဖက်ပြီး တယ်လီဂရန်ချန်တွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေတာတွေလည်း လုပ်ဆောင်နေပါတယ်။ ။

 

အာဏာသိမ်းစစ်တပ်လက်ပါးစေ လော်ဘီတွေဟာ ဒီလိုနည်းနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရှက်စိတ်ကြောက်စိတ်ကို အခွင့်ကောင်းယူပြီး စိတ်ဓါတ်ချိုးနှိမ်ဖို့ ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်နေကြတာပါ။ 

 

ဒီလို ဝါဒဖြန့် ချိန်းခြောက်မှုတွေဟာ မြေပြင်က ရဲမေတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ အန္တရာယ်တခု ဖြစ်နေပါတယ်။ 

 

စစ်တပ်လော်ဘီတွေရဲ့ စနစ်တကျ ဝါဒဖြန့်မှုတွေအပြင်၊ တဖက်မှာလည်း တော်လှန်ရေးထဲက အမျိုးသမီးရဲဘော်တွေဟာ အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင် ခြိမ်းခြောက်မှု တွေကိုပါ ခါးစီးရင်ဆိုင်နေကြရတယ်လို့ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေက ပြောပါတယ်။

 

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တခုရဲ့ ဆေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ရဲမေသွန်းသွန်းက သူမ ကြုံတွေ့ခဲ့ရတဲ့ ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို အခုလို ပြောပါတယ်။

 

“ချက်ချင်းမကိုင်ရင်(ဖုန်း) ကျမပုံတွေကို မဟုတ်တဲ့ပေ့ဂျ်တွေမှာ လိုက်ပြီးတော့လုပ်စားမယ်ပေါ့။ ပြီးတော့ ညစ်ညမ်းစာမျက်နှာတခုမှာ ကျမပုံကို (ပရိုဖိုင်း) ချိန်းလိုက်တာ။ နင်အခု ငါဖုန်းခေါ်တာကို ကိုင်ရင်ကိုင်၊ မကိုင်ရင် အကုန်လုံးကို ဖြန့်လိုက်မယ်ပေါ့။ တခါမှလည်း ဒါမျိုးတွေမကြုံဖူးတဲ့အခါကျတော့ ငါ့မိဘတွေတွေ့သွားခဲ့ရင်၊ ငါ့အသိုင်းအဝိုင်းကသိသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုပြီး ပထမဆုံးဝင်သွားတဲ့အတွေးကတော့ ကျမကိုယ့်ကိုယ်ကိုယ် သတ်ပါသေချင်သွားတယ်။ သူငယ်ချင်းတွေသာ အဲ့ဒီအချိန်ဘေးနားမှာ မရှိခဲ့ဘူးဆိုရင်တော့ အများဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမိမယ်ထင်တယ်”လို့ သူကပြောပါတယ်။

 

စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်မှုတွေအပြင် အခုလိုအမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို  အွန်လိုင်းပေါ်မှာ  ဓားစာခံလုပ်ပြီး အကျပ်ကိုင်တဲ့ အပြုအမူတွေကပါ တော်လှန်ရေးထဲက အမျိုးသမီးရဲဘော်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပါပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခံနေရတာလည်း ဖြစ်ပါတယ်။

 

(တကယ်လို့ လူမှုမီဒီယာတွေပေါ်မှာ ကိုယ့်ပုံတွေနဲ့ အကျပ်ကိုင် ခြိမ်းခြောက်ခံရပြီဆိုရင် ကြောက်ရွံ့ပြီး လိုက်လျောတာမျိုးမပြုလုပ်ဘဲ ယုံကြည်ရတဲ့ မိတ်ဆွေတွေ ဒါမှမဟုတ် ဒစ်ဂျစ်တယ်လုံခြုံရေးအဖွဲ့တွေဆီ ချက်ချင်း တိုင်ပင်ဆွေးနွေးပြီး အကူအညီတောင်းပါ။)

 

ဒါပေမဲ့ စိတ်မကောင်းစရာကတော့  ဒီလိုမျိုးရန်သူက တိုက်ခိုက်တဲ့ ဝါဒဖြန့်ဓါတ်ပုံတွေ၊​ ပို့စ်တွေကိုတွေ့တဲ့အခါမှာ ကျမတို့ရဲ့တော်လှန်ရေးအဝန်းအဝိုင်းထဲက အချို့သောအမျိုးသားတွေဆီကပါ ပေါ့ပျက်ပျက်တုံ့ပြန်မှုတွေ ထွက်ပေါ်လာတတ်တာပဲဖြစ်ပါတယ်။

 

ကိုယ့်အဝန်းအဝိုင်းက စနောက်မှုနဲ့ လှောင်ပြောင်သရော်မှုများ

 

စစ်တပ်ရဲ့ ဝါဒဖြန့်စာတွေထဲမှာ ပါလာတဲ့ ကိုယ့်ဘက်က အမျိုးသမီးရဲဘော်တွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး၊ တော်လှန်ရေးအဝန်းအဝိုင်းထဲက အမျိုးသားအချို့ဟာ စနောက်ချင်တဲ့သဘောနဲ့ ရွှေကြာ တို့၊ လမင်း၊ ကြယ်စင် (KTV မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေကို ခေါ်သလိုမျိုး) စတဲ့ ဘန်းစကားတွေကို သုံးပြီး စနောက်ပြောဆိုတာမျိုးပါ။

 

အဆိုးဆုံးကတော့ တော်လှန်ရေးထဲက လူသိများသူ အချို့ကိုယ်တိုင်က အမျိုးသမီးတွေကို လှောင်ပြောင်သရော်နေကြတာမျိုးဖြစ်ပါတယ်။

 

“ရန်သူ့ဘက်က ယုတ်မာတာကိုတော့ ကျွန်မတို့ ဘာမှမပြောလိုဘူး၊ ဒါက သူ့အလုပ်ပဲ။ ခက်နေတာက ကျွန်မတို့ တော်လှန်ရေးအသိုင်းအဝိုင်းမှာကိုက အမျိုးသမီးတွေအပေါ် လေးစားမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာအရ စော်ကားဖို့ ကြိုးစားလာတာဟာ အားအင်တွေလျော့စေပြီး ယုံကြည်မှုတွေကို ပျက်ပြားစေတယ်။”  ပြည်သူ့ဝန်ထမ်း CDM စည်ပင်ကော်မတီဝင် ဒေါ်စုသွေးနီကလည်း ကိုယ့်အဝန်းအဝိုင်းအတွင်းက ဖြစ်ရပ်တွေအပေါ် အခုလို ထောက်ပြပါတယ်။

 

စနောက်သူတွေဘက်က ရင်းနှီးမှုနဲ့ စနောက်ကြတာဖြစ်တယ်ဆိုပေမဲ့ ခံရသူအမျိုးသမီးတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ စိတ်ဒဏ်ရာတခုဖြစ်စေတယ်ဆိုတာကိုတော့ သတိပြုမိိဖို့လိုပါတယ်။

 

ဒါဟာ ကာယကံရှင် အမျိုးသမီးရဲဘော်တွေ အတွက်တော့ လိင်ပိုင်းဆိုင်ရာ ဝါဒဖြန့်ခံရတာထက် ပိုပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရသလို၊ ဘေးကင်းလုံခြုံမှုမရှိတော့ဘူးလို့ ခံစားရစေတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ လိင်ပိုင်းနှောက်ယှက်မှုကို ဖြစ်စေပါတယ်။

 

လိင်ပိုင်းဆိုင်ရာ ဝါဒဖြန့်မှုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် တော်လှန်ရေးရဲဘော်တွေနဲ့ ဝန်းရံသူတွေအနေနဲ့ အရင်ဆုံးအမျိုးသမီးတွေအပေါ် လေးစားတန်ဖိုးထားတဲ့ စိတ်ဓါတ်ရှိဖို့လိုအပ်တယ်လို့ ကရင်ပြည်နယ်ထဲက တော်လှန်ရေးတပ်တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၃ နှစ်အရွယ် ရဲမေ ရှီးရှီးကပြောပါတယ်။

 

“ကျနော်တို့လည်း ယောက်ျားလေးတွေအများကြီးရှိတဲ့နေရာမျိုးမှာ တယောက်တည်းနေရတာပေါ့နော်။ ကျနော်တို့ ဒရုန်းအဖွဲ့မှာ ကျနော်တယောက်တည်းမိန်းကလေးပေါ့။ အဲ့လိုဆို သူတို့ဘက်က ဘာစိတ်မှမရှိရင်တောင် မိန်းကလေးတွေရဲ့ သာမာန်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကတော့ ရှိတော့ရှိတယ်။ ကိုယ့်ဘာသာကိုယ် ပုံမှန်အတိုင်းနေလိုက်တဲ့အရာတခုကတောင် တဖက်အမျိုးသားတွေရဲ့ အမြင်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကတော့ ရှိတယ်” လို့ သူမက ဆက်ပြောထားပါတယ်။ 

 

တော်လှန်ရေးထဲမှာ ပါဝင်နေသူတွေအနနဲ့ အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်၊ လိင်ပိုင်းဆိုင်ရာ နှိမ့်ချတဲ့ ဘန်းစကားတွေကို စနောက်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ပေါ့ပေါ့ဆဆ ပြောဆိုတာမျိုး မပြုလုပ်မိအောင်သတိချက်ဖို့ လိုအပ်ပါတယ်။

 

ဒါဟာစနောက်တာမျိုးမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတခုသာဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်တပ်ဖက်က ပုံဖျက်တိုက်ခိုက်နေချိန်မှာ မိမိတို့ဘက်က အမျိုးသမီးရဲဘော်တွေကို ပိုပြီး လေစားမှုနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုပေးဖို့လည်း အထူးလိုအပ်တယ်လို့ လူ့အခွင့်အရေးကာကွယ်သူတွေက ပြောပါတယ်။

 

“ဒီကိစ္စကို ပေါ့ပျက်ပျက်လို့ပဲ ဟိုးအရင်ကတည်းက သဘောထားခဲ့ကြလို့သာ ဒါကဘာမှမဖြစ်ဘူးဆိုပြီး စော်ကားခံရတာပေါ့။ တော်လှန်ရေးဆိုတာ အစကတည်းက လူတန်းစားအလွှာအစုံပါကြတာဆိုတော့ အဲ့လိုမကောင်းတဲ့အကျင့်ပါတဲ့သူကလည်း ပါမှာပဲ။ အဓိကကတော့ စည်းတခုထားသင့်တယ်လို့ ထင်တာပဲ။” လို့ ရဲမေရှီးရှီးက ဆက်ပြောပါတယ်။

 

သုံးသပ်ချက်

 

စစ်ကောင်စီလော်ဘီတွေဟာ တော်လှန်ရေးထဲက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် တိုက်ခိုက်နေတာ တွေ့ရပါတယ်။

 

အဲ့ဒီလို ဝါဒဖြန့်တိုက်ခိုက်ခံနေရတဲ့ အချိန်မှာပဲ တော်လှန်ရေးအသိုင်းအဝိုင်းအနေနဲ့ အမျိုးသမီးရဲဘော်တွေကို ပိုပြီး ဖေးမကူညီရမယ့်အစား၊ ကိုယ့်အဝန်းအဝိုင်းအတွင်းမှာပါ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေ ရှိနေတာကိုပါ တွေ့ရှိရပါတယ်။ 

ကိုးကားလင့် – https://www.bnionline.net/mm/news-113413 

 

ဒါကြောင့် စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကို တွန်းလှန်နိုင်ဖို့အတွက် တော်လှန်ရေး အသိုင်းအဝိုင်းအတွင်းက ကျူးလွန်မှုတွေကိုပါ ပြတ်ပြတ်သားသား တားဆီးပြီး အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို အမြန်ဆုံး တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်