
အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နေတန်ယာဟု နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာဗ် ဂဲလန့် တို့ကို ဖမ်းဝရမ်းထုတ်တာ၊ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်တပ်ကို စုံစမ်းစစ်ဆေးတာတွေကို အကြောင်းပြပြီး ICC ရှေ့နေတွေနဲ့ တရားသူကြီး အတော်များများကို ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။
၁၉ ၊ ဩဂုတ်
ဂျပန်နိုင်ငံဟာ သူတို့ရဲ့ မဟာမိတ် အမေရိကန်နိုင်ငံကို ရှားရှားပါးပါး ဝေဖန်လိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ရဲ့ ဂျပန်လူမျိုး ဥက္ကဋ္ဌနဲ့ အကြီးတန်း ရှေ့နေတစ်ယောက်အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တာကို “တကယ်ကို စိတ်မကောင်းစရာပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တဲ့ တရားစွဲဆိုရေးအဖွဲ့ထဲက ဂျပန်တရားသူကြီးလည်းဖြစ် ICC ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂျပန်အမျိုးသမီး တိုမိုကို အာကာနဲ နဲ့ ဆီနီဂေါနိုင်ငံသား ရှေ့နေ အဘဒူလာယဲ ဆေရီ တို့ကို ပိတ်ဆို့အရေးယူလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြားပြီးနောက်မှာ အခုလို တုံ့ပြန်မှု ထွက်ပေါ်လာတာပါ။
“ဂျပန်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အရေးကြီးဆုံး စူးစူးစိုက်စိုက် အရေးယူရမယ့် ပြစ်မှုကြီးတွေကို အရေးယူပြစ်ဒဏ်ပေးနေတဲ့ ICC ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့တာပါ” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ဟိဂ်မြို့အခြေစိုက် ICC တရားရုံးအပေါ် ဖိအားပေးမှု နောက်ဆက်တွဲဟာ စစ်ရာဇဝတ်မှုတွေ၊ မျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို အရေးယူဖို့ ၂၀၀၂ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရားရုံးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဂျပန်ကြား တိုက်ရိုက် သဘောထားကွဲလွဲမှု ထွက်ပေါ်လာစေခဲ့ပါတယ်။ ဂျပန်ကတော့ အဲဒီတရားရုံးမှာ ၂၀၀၇ မှာ စတင်ပါဝင်ခဲ့တာပါ။
သူတို့ရဲ့ ကာကွယ်ရေးအတွက် အမေရိကန် စစ်အင်အားပေါ် အများကြီး အားကိုးနေရတဲ့ ဂျပန်ဟာ အမေရိကန်ကို ဝေဖန်လေ့ လုံးဝနီးပါး မရှိပါဘူး။ အခုလို ပိတ်ဆို့အရေးယူမှုတွေကြောင့် အမေရိကန်ဟာ အာရှမဟာမိတ်တင်မကဘဲ ဥရောပ မဟာမိတ်တွေနဲ့ပါ သဘောထား ကွဲလွဲနေတာပါ။
တရားရုံး တည်ရှိရာ နယ်သာလန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး တွမ် ဘာရင်ဒ်ဆင် ကလည်း အမေရိကန်ရဲ့ အခု နောက်ဆုံး ပိတ်ဆို့မှုကို ကန့်ကွက်ကြောင်း X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
တိုမိုကို အာကာနဲ ကတော့ အမေရိကန်ရဲ့ အခုလို ပိတ်ဆို့အရေးယူမှုတွေဟာ “အမှုပေါင်းစုံမှာ တရားရုံးရဲ့ လည်ပတ်မှုတွေကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်ပြီး တရားရုံး ရပ်တည်ရေးကိုပါ ထိခိုက်စေနိုင်တယ်” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတည်းက သတိပေးခဲ့တာပါ။
အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နေတန်ယာဟု နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာဗ် ဂဲလန့် တို့ကို ဖမ်းဝရမ်းထုတ်တာ၊ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်တပ်ကို စုံစမ်းစစ်ဆေးတာတွေကို အကြောင်းပြပြီး ICC ရှေ့နေတွေနဲ့ တရားသူကြီး အတော်များများကို ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။
အဲဒီ ပိတ်ဆို့ယူမှုတွေအရ အရေးယူခံရသူတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကန့်သတ်လိုက်မှာဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ဘဏ်အများစုနဲ့ ချိတ်ဆက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးစနစ်ထဲ ဝင်ရောက်ခွင့်ကိုပါ အဓိက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
Ref – Reuters
#အမေရိကန် #ICC #အရေးယူပိတ်ဆို့ #နေတန်ညာဟု
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း