ရေစီးသန်နေတဲ့ ငဝန်မြစ်ကျိုးပေါက် ပိတ်နိုင်ဖို့အခက်အခဲဖြစ်နေ

“ဘက်စုံနည်းလမ်းစုံနဲ့ လုပ်ဖို့ လိုပါတယ်။ အဓိကတော့ စက်ယန္တရားကြီးတွေ အများကြီး သုံးသင့်တယ်။ Sheet Pile တခုတည်းကို အားကိုးလို့မရဘဲ တတန်၊ တတန်ကျော်လေးတဲ့ Geo bag ကြီးတွေ ကွန်ကရစ်တုံးတွေနဲ့ လုပ်သင့်တယ်။ နောက်တခုက (လိပ်ခုံးပုံ)ကွေးပြီးတော့ မယူဘဲ sheet pile ကို နှစ်တန်းပြိုင်ရိုက် အလယ်မှာ သဲအိတ်တွေချပြီး လုပ်ရင်လည်း ပိုမြန်နိုင်တယ်”

၁၉၊ ဩဂုတ်။

ကျိုးကျသွားခဲ့တဲ့ ငဝန်မြစ်တာဘောင်ကို နိုင်ငံတော်အဆင့် အစီအမံနဲ့ ဆောင်ရွက်နေတယ်ဆိုပေမယ့် ရေစီးသန်နေတဲ့အတွက် တိုင်တွေအပြည့်ရိုက်နိုင်ဖို့ အခက်အခဲ ဖြစ်နေပြီး အခုအချိန်အထိ ရိုက်သွင်းရမယ့် တိုင်ပမာဏရဲ့ သုံးပုံတပုံမျှကိုပဲ ရိုက်သွင်းပြီးစီးပါသေးတယ်။

“အခုရိုက်ထားတဲ့ သံချောင်းတွေက ကွေးတဲ့ဟာတွေ ကွေးနေတယ်။ ရေစီးပြင်းလို့ထင်တယ်။ မြန်မြန်ဆန်ဆန် ပိတ် လိုက်စေချင်တယ်။ မဟုတ်ရင် ရေကြီးတဲ့နေရာတွေက တရက်ထက် တရက်ပိုများလာမှာ။ စပါးခင်းတွေ အများကြီး ဆုံးရှုံးနေရပြီ အခုကတည်းက” လို့ တာကျိုးပေါက်နေရာ သွားကြည့်တဲ့ ဒေသခံတဦးက ပြောပါတယ်။

တာကျိုးပေါက်ကို ပြန်ပိတ်နိုင်ဖို့အတွက် Sheet Pile ရိုက်ဖို့ သံချောင်း ၂၈၆ ချောင်းရိုက်ရမှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ၇၈ ချောင်းကိုသာ ရိုက်သွင်းပြီးစီးသေးပြီး ရေစီးသန်တာကြောင့် Pile တွေရဲ့ကြံ့ခိုင်မှု လည်း အားနည်းနေတယ်လို့ သိရပါတယ်။

တာပေါက်ကို မြန်မြန်ဆန်ဆန်ပြီးစီး ပိတ်နိုင်ဖို့ sheet pile တခုတည်းကို အားမကိုးဘဲ စက်ယန္တရားကြီးတွေနဲ့ အရှိန်မြင့်လုပ်သင့်တယ်လို့ ဒေသခံ ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက သူ့အမြင်ကို ပြောပါတယ်။

“ဘက်စုံနည်းလမ်းစုံနဲ့ လုပ်ဖို့ လိုပါတယ်။ အဓိကတော့ စက်ယန္တရားကြီးတွေ အများကြီး သုံးသင့်တယ်။ Sheet Pile တခုတည်းကို အားကိုးလို့မရဘဲ တတန်၊ တတန်ကျော်လေးတဲ့ Geo bag ကြီးတွေ ကွန်ကရစ်တုံးတွေနဲ့ လုပ်သင့်တယ်။ နောက်တခုက (လိပ်ခုံးပုံ)ကွေးပြီးတော့ မယူဘဲ sheet pile ကို နှစ်တန်းပြိုင်ရိုက် အလယ်မှာ သဲအိတ်တွေချပြီး လုပ်ရင်လည်း ပိုမြန်နိုင်တယ်” လို့ မှတ်ချက်ပေးပါတယ်။

စစ်အစိုးရဟာ ငဝန်မြစ်တာပေါက်ကို တာကျိုးပြီး ရက်ပိုင်းအတွင်းကတည်းက စပိတ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး တပတ်အတွင်း အပြီးပိတ်သွားမယ်လို့ ဧရာ၀တီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ကြန့်ကြာမှုတွေ ရှိနေတာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တံတားအထူးအဖွဲ့ ၁၅ နဲ့ ၁၆ တို့ဟာ တာပေါက်ပိတ်နိုင်ဖို့ သံချောင်း ရိုက်တဲ့ လုပ်ငန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ စလုပ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ထိ ဆယ်ရက်အတွင်း ၇၈ ချောင်းသာ ရိုက်သွင်းပြီးခဲ့ပါတယ်။ နောက်ထပ် သံချောင်း ၂၀၈ ရိုက်သွင်းရဦးမှာ ဖြစ်ပြီး အခု နှုန်းအတိုင်းဆိုရင် နောက်ထပ် ၂၆ ရက် ကြာအုံးမှာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်း လေးမျက်နှာမြို့အနီး မြစ်ကျိုးကျေးရွာအနီးက ငဝန်မြစ် ပန်းတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက ကျိုးသွားခဲ့ တာဖြစ်ပြီး အဲဒီတာကျိုးမှု နောက်ဆက်တွဲကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော် မြို့နယ်တို့အတွင်းမှာ ဒေသခံပြည်သူတွေဟာ ရေဘေးဒဏ်ခံနေကြရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း အတွင်းမှာ ငဝန်မြစ်ရေဟာ ထူးကဲဒီရေအဖြစ် ရေအနက် ၃၁ ပေ ၆ လက်မထိ တက်နေပြီး ရေဖုံးလွှမ်းတဲ့ ဧရိယာဟာလည်း ပိုကျယ်လာနေကာ ဟင်္သာတမြို့နယ် တလုတ္တော်မြို့အနီး ဝန်းကျင်ဒေသတွေထိ ရေတက်နေတာပါ။

“တာပေါက် မပိတ်နိုင်ရင် မြစ်ရေတိုးလာတာ၊ ဆည်တွေ ရေလျှံတာ၊ မိုးရွာတာ ရေတွေအကုန်လုံး ပေါင်းပြီး စီး၀င်လာမှာ။ အဲလိုဆိုရင် မြုပ်ကြမှာ အားလုံး”လို့ တလုတ္ထော်ဒေသခံတဦးက ပြောပါတယ်။

အဲဒီတာပေါက် ပိတ်နေတဲ့ အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ်လ ၁၇ ရက်နေ့မှာ လာကြည့်ခဲ့ပြီး ကြံ့ခိုင်မှုအားနည်းတဲ့ Pile တွေကို အမြန်ဆုံးပြင်ဆင်ဖို့၊ စက်ယန္တရားတွေ အသုံးပြုပြီး သဲအိတ်တွေ ကာရံဖို့နဲ့ Stand Pile တွေနဲ့ ရေဝင်လမ်းကြောင်းတွေ ပိတ်ဆို့ဖို့ မှာခဲ့တယ်လို့ သိရပါတယ်။

တာကျိုးပေါက်နေရာကို ရေဖိအားလျော့အောင် လိပ်ခုံးပုဏ္ဍာန် ကွေ့ဝိုက်ပြီး သံတိုင်တွေရိုက်ကာ သဲဖို့ပြီး ပိတ်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။ လက်ရှိမှာ အဲဒီတာကျိုးမှု နောက်ဆက်တွဲ ရေဘေးကြောင့် ပြည်သူသိန်းဂဏန်း ရေဘေးသင့်နေပြီး စပါးခင်းဧက သောင်းချီဟာလည်း ရေမြုပ်နေပြီး ပျက်စီးရမယ့်အခြေအနေမှာ ရှိနေပါတယ်။

#ငဝန်မြစ် #ရေစီးသန် #ပိတ် #အခက်အခဲ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ