
“အဲဒီ အင်အားတိုးချထားတဲ့ စခန်းတွေကိုလည်း ကိုယ့်ဘက်က ဒရုန်းတွေနဲ့ တိုက်နေတာရှိတယ်။ စခန်းမရရင် တောင် သူတို့ဘက်က အထိအခိုက်က နေ့တိုင်းရှိတယ်။ လူနာတွေ နေ့တိုင်း ပို့နေရတာရှိတယ်။ အသွားမှာ လူနာ တွေ တင်သွားတယ်။ အပြန်ကျတော့ အင်အားဖြည့်လာတယ်။ ဒီလိုဖြစ်နေတာ အခြေအနေက”
၂၃၊ ဇွန်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ် နဲ့ သာပေါင်းမြို့နယ် အစပ်မှာရှိတဲ့ ဘိုးတောင်ချောင်းဖျားဒေသက အင်အားတရာနီးပါးနဲ့ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ ၁၈၈ တောင်ကုန်းစခန်းကို အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဇွန်လ ဒုတိယပတ်လောက်ကလည်း သာပေါင်းနဲ့ ရေကြည်အစပ်မှာ စခန်းတွေရတာရှိတယ်။ အဲတုန်းက နှစ်ခုရ တယ်။ ဒီရက်ပိုင်းမှာ တခုထပ်ရတာ။ အခုရတာက စခန်းကြီးပဲ။ လက်နက်၊ ခဲယမ်းတွေလည်း သုံး၊ လေးဆယ် လောက်ရတယ်။ မီးစက်တွေ၊ ဂျန်မာတွေရောပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးနဲ့ ရေကြည်၊ သာပေါင်းအစပ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ကာကင်းစခန်း နောက်တခုကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။
ဒါပေမယ့် အခုလို တောင်ကုန်းစခန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DNA အနေနဲ့ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။
အဲဒီ တပ်စခန်းသိမ်းပိုက်ပြီးနောက် အနီးဝန်းကျင်ရှိ စစ်တပ်ရဲ့ တခြားစခန်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“၃၄၄ ဘက် နည်းနည်းငြိမ်ပါတယ်။ အခု ပြင်းပြင်းထန် ဖြစ်နေတာက သာပေါင်းအစပ်ဘက် ဘုရားကြီးနားဝန်းကျင် တွေမှာ ဖြစ်တယ်။ အဲဒီဘက်မှာ အင်အားလည်း တောက်လျှောက်ပို့နေရတယ် စစ်တပ်ဘက်က” လို့ စစ်ရေးနဲ့ နီးစပ် တဲ့ ရေကြည်ဒေသခံတဦးက ပြောပါတယ်။
ရေကြည်၊ သာပေါင်းမြို့နယ်က တိုက်ပွဲတွေအတွင်း စစ်တပ်ဟာ လက်ရှိမှာ ရေကြည် မြို့နယ်နဲ့ သာပေါင်းမြို့နယ်ကြားနေရာတွေကို အင်အားရာချီဖြည့်တင်းနေပြီး အမြောက်စခန်းတွေပါ အထိုင်ချဖို့ ပြင်ဆင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်တပ်ဟာ သာပေါင်းနဲ့ ရေကြည်အစပ်ရှိ သရက်ကုန်း၊ ဘုရားကြီး၊ သောင်တန်း၊ မရမ်းချို၊ ဝါးတောကွင်း၊ မြေရဲ ကွင်း၊ ရွှေမျှော်စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုး အင်အားဖြည့်နေတာဖြစ်ပြီး အဲဒီထဲက ဘုရားကြီး၊ မြေရေကွင်း နဲ့ ရွှေရင်မျှော်ကျေးရွာတွေမှာ အမြောက်ကြီးတွေပါ အထိုင်ချနေတာပါ။
“အဲဒီ အင်အားတိုးချထားတဲ့ စခန်းတွေကိုလည်း ကိုယ့်ဘက်က ဒရုန်းတွေနဲ့ တိုက်နေတာရှိတယ်။ စခန်းမရရင် တောင် သူတို့ဘက်က အထိအခိုက်က နေ့တိုင်းရှိတယ်။ လူနာတွေ နေ့တိုင်း ပို့နေရတာရှိတယ်။ အသွားမှာ လူနာ တွေ တင်သွားတယ်။ အပြန်ကျတော့ အင်အားဖြည့်လာတယ်။ ဒီလိုဖြစ်နေတာ အခြေအနေက” လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
လေးမျက်နှာ၊ ရေကြည်အစပ်တိုက်ပွဲတွေအတွင်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်းမှာတင် စစ်တပ်ဘက်က သေဆုံးသူ တရာကျော်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဘက် ရိုးမပေါ် သစ်ထုတ်လမ်းကနေလည်း စစ်ကြောင်းထိုးနေကာ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေမှာ လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာပါ။