
“အရာရှိတွေရဲ့ မိသားစုတွေက အစကတည်းက ရွှေ့ထားပြီးပြီ။ အခုကျတော့ အကြပ်တွေ၊ အခြားအဆင့်တွေရဲ့ မိသားစုတွေပါ ပြောင်းပေးနေတာ။ နပခ ကိုရွှေ့တယ်။ နောက် သူတို့မိသားစုတွေ သွားချင်ရာ သွားမယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ကားတွေနဲ့ ပို့နေတာ”
၁၂၊ ဇွန်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်အတွင်းရှိ မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ နဲ့ အနီးဆုံးကာကင်းစခန်းတွေ ကို သိမ်းပိုက်ပြီး တပ်ရင်းထဲထိပါ အာရက္ခတပ်တော်(AA)ထိုးစစ်ရောက်လာတာကြောင့် တပ်ရင်းမှ အရာရှိနဲ့ တပ်ဖွဲ့ ဝင်မိသားစုတွေဟာ အလုံးအရင်းနဲ့ စတင်ရွှေ့ပြောင်းနေကြပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
လက်ရှိမှာ အမတ ၃၄၄ တပ်ရင်းအနီးဝန်းကျင်က ကာကင်းစခန်း ဆယ်ခုဝန်းကျင်ကို AA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်ထားပြီး အခုအခါ တပ်ရင်းထဲထိပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြိမ်းခြောက်တိုက်ခိုက်နေ တယ်လို့ ဆိုပါတယ်။
“အရာရှိတွေရဲ့ မိသားစုတွေက အစကတည်းက ရွှေ့ထားပြီးပြီ။ အခုကျတော့ အကြပ်တွေ၊ အခြားအဆင့်တွေရဲ့ မိသားစုတွေပါ ပြောင်းပေးနေတာ။ နပခ ကိုရွှေ့တယ်။ နောက် သူတို့မိသားစုတွေ သွားချင်ရာ သွားမယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ကားတွေနဲ့ ပို့နေတာ” လို့ အမတ ၃၄၄ အနီး နေထိုင်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စတင်ရွှေ့ပြောင်းပေးနေတာဖြစ်ပြီး တရက်မှာ ကားသုံးစီး ကနေ ငါးစီးခန့်နဲ့ ရွှေ့နေတာ ရက်ဆက်ရှိပြီလို့ ဆိုပါတယ်။
“ဒီရက်ပိုင်း ကားတွေအရွှေ့အပြောင်းများတယ်။ အဲဒီမှာ လူနာတွေ ပို့တာလည်း ပါတယ်။ လူနာတွေနဲ့ ရောပြီး တပ်မိသားစုတွေပါ တပါတည်း ပြောင်းနေတာပါ။ အပြန်မှာတော့ စစ်ကူတွေ၊ လက်နက်တွေ ပါလာတယ်။ အဓိက လက်နက်ကြီးကျည်တွေ များတယ် အမတထဲကို သွင်းတာမှာ” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ လကတည်းက အမတ ၃၄၄ ကို ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး တပ်ရင်းရဲ့ကာကင်း တွေကို တခုပြီး တခုသိမ်းယူကာ တပ်ရင်းထဲထိ ထိုးစစ်ရောက်လာခဲ့တာပါ။ အဲဒီလို ထိုးစစ်တွေနဲ့ ကြုံနေကြရချိန် စစ်တပ်ဟာ လက်နက်၊ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေခဲ့ရပါတယ်။
အဲဒီ အမတ ၃၄၄ အပြင် ရေကြည်နဲ့ သာပေါင်းအစပ် ရိုးမတောင်ပေါ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာဏာ သိမ်းစစ်တပ်က အထိနာနေပြီး တပတ်ကျော်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတရာဝန်းကျင် သေဆုံးခဲ့ တယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ သာပေါင်းနဲ့ ရေကြည်အစပ်ရှိ သရက်ကုန်း၊ ဘုရားကြီး၊ သောင်တန်း၊ မရမ်းချို၊ ဝါးတောကွင်းစတဲ့ ကျေးရွာတွေဆီ စစ် ကြောင်းထိုးပြီး ရိုးမပေါ် စစ်ကြောင်းထွက်လာခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းတွေကို အာရက္ခတပ်တော် နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းအဖွဲ့က ဖြတ်တောက်၊ တိုက်ခိုက်နေတာပါ။
စစ်တပ်ဟာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဘက် ရိုးမပေါ် သစ်ထုတ်တဲ့လမ်းကနေလည်း စစ်ကြောင်းထိုးနေကာ တိုက်ပွဲ တွေဖြစ်နေကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေမှာ စစ်တပ်က လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင် ဘဲ တပ်ပြန်ဆုတ်နေကြရတာဖြစ်ပါတယ်။
“AA ကတော့ တိုက်ပွဲတွေ နေရာတိုင်းမှာ လုပ်နေတယ်။ ရှေ့ဆက်တိုက်ပွဲပြင်းလာဖို့ပဲ ရှိတယ်။ နောက်ဆုတ်ဖို့ မရှိ ဘူး။ နားဖို့လည်း မရှိဘူး” လို့ ဒေသတွင်း တိုက်ပွဲတွေနဲ့ ပက်သက်လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တ ဦးက ပြောထားပါတယ်။
ဧရာ၀တီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က တပ်အရာရှိတွေအပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ်အနောက်တောင်တိုင်းစစ်ဌာန ချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြား အခြေစိုက်တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတယ်လို့လည်း သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။