ခွဲတမ်းနဲ့သာ ဆီဝယ်ကြရတဲ့ လယ်သမားတွေ လယ်မထွန်ကြရသေး

 

“မနှစ်က ဆီစျေး နှစ်ထောင်ကျော်နဲ့တောင် ရှုံးတယ်။ ဒီနှစ်က အလုပ်သမားခတွေပါ စျေးတက်နေတော့ ဒီလောက်ဆီစျေးနဲ့ လယ်လုပ်လို့အဆင်မပြေဘူး”

၉၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်းမှာ စက်သုံးဆီစျေးကြီးတဲ့အပြင် အလွယ်တကူ ဝယ်မရတာကြောင့် လယ်သမားအများစုဟာ မိုးဦးကာလကို ရောက်လာတဲ့တိုင်အောင်  လယ်ထွန်ဖို့ မပြင်ဆင်ကြရသေးဘူးလို့ ပြောကြပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ စက်သုံးဆီကို ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ခံချက်တွေနဲ့ ခွဲတမ်းဝယ်ယူခွင့် ရပေမယ့် အကန့်အသတ်နဲ့သာ ဝယ်ကြရတာကြောင့် မလောက်မငှ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“ဆီက မှောင်ခိုစျေးမှာလည်း အများကြီးဝယ်မရဘူး။ အစိုးရစျေးအတိုင်း ထောက်ခံစာနဲ့ ဝယ်မယ်ဆိုရင် ဆီကမ လောက်ဘူး။ ထွန်နေရင်း ဆီကုန်လို့ ရပ်ထားရမယ့် အခြေအနေဆိုတော့ အခု အခြေအနေ စောင့်ကြည့်နေသေးတယ် ။ တချို့ကတော့ စထွန်နေကြပြီ” လို့ မြန်အောင်မြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း စက်သုံးဆီဆိုင်တွေမှာ ဆီတလီတာကို ကျပ် ၄၅၀၀ ဝန်းကျင်စျေး ရှိပေမယ့် မှောင်ခိုစျေးကွက်မှာတော့ တလီတာ ကျပ်ခြောက်ထောင်ကနေ တသောင်းဝန်းကျင်ထိ စျေးရှိနေတာပါ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက စျေးနဲ့နှိုင်းယှဉ်ရင် စျေးအနည်းငယ် ကျသွားပေမယ့် တခြားသွင်းအားစုတွေပါ စျေးကြီးနေချိန် လယ်သမားတွေအဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

“မနှစ်က ဆီစျေး နှစ်ထောင်ကျော်နဲ့တောင် ရှုံးတယ်။ ဒီနှစ်က အလုပ်သမားခတွေပါ စျေးတက်နေတော့ ဒီလောက်ဆီစျေးနဲ့ လယ်လုပ်လို့အဆင်မပြေဘူး” လို့ မြန်အောင်မြို့နယ်မှ လယ်ဧက သုံးဆယ်ဝန်းကျင် ထွန်ယက်တဲ့ လယ် သမားတဦးက ပြောပါတယ်။

အခြောက်ကြဲသမားတွေကတော့ ဆီမရပေမယ့် မြေလှန်၊ စပါးကြဲဖို့ အဆင်ပြေတာကြောင့် သူတို့လယ်တွေကို စ လုပ်နေကြပြီလို့ ဆိုပါတယ်။

ဓနုဖြူမြို့နယ် ဖန်ခါးကွင်းကျေးရွာမှ လယ်သမားတဦးက “ဒီဘက်မှာတော့ အများစုက အခြောက်ကြဲတယ်။ အဓိက စက်ခ၊ ဆီခ မတက်နိုင်ကြသေးတာပေ့ါ။ ပြီးတော့ ဒီနှစ်နွေစပါးမှာလည်း ထိကြတာ ဆက်တိုက်ဆိုတော့ မခံနိုင်ကြ တာလည်း ပါတယ်။ အခြောက်ကြဲတော့ စက်ထိုးရ သက်သာတာပေ့ါ။ မြေပြင်ပြီး ကြဲပြီးတော့ မြေပြန်ဖုံး ဒီလောက်ပဲ လုပ်ရတာကိုး။ မိုးရွာလာရင် သူ့ဘာသာပေါက်လာတာပေ့ါ။ သူကျတော့ ကုန်ကျစရိတ်မှာ အများကြီးသက်သာ တယ်။ ဒါပေမယ့် ထွက်နှုန်းမှာကျတော့ လယ်သေချာစိုက်သလောက်တော့ မထွက်ဘူးပေ့ါ” လို့ ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စက်သုံးဆီပါအဝင် လယ်ယာသွင်းအားစုတွေ စျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေး မရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့လယ်ယာမြေတွေ မလုပ်ကိုင်ကြတော့ဘဲ လယ်ရောင်းမယ့်သူတွေ များလာနေပြီး ဝယ်ယူသူလည်း ရှားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။